ဝက်သက်ရောဂါနဲ့ပတ်သက်ပြီး သင်သိသင့်တဲ့ အချက် (၆) ချက်
ဝက်သက်ရောဂါဟာ ရန်ကုန်တိုင်းမှာ ကပ်ရောဂါအသွင် ဖြစ်ပွားလာတာကြောင့် လှိုင်သာယာ၊ တွံတေး၊ အင်းစိန်၊ ကြည့်မြင်တိုင်နဲ့ သာကေတမြို့နယ်တွေမှာ ဖေဖော်ဝါရီ ၆ ရက်မှ ၂၀ ရက်အထိ ကာကွယ်ဆေးတွေ ထိုးနှံပြီး ရောဂါထိန်းချုပ်မှုတွေ လုပ်ဆောင်နေပါတယ်။ ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစောဝင်းနဲ့ တွေ့ဆုံမှုကို ပြည်တွင်းသတင်းစာကြီးတစ်စောင်က ဖော်ပြထားရာမှာ ဝက်သက်နဲ့ပတ်သက်လို့ သိသင့်တဲ့အချက် (၆) ချက်ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။
၁ - ဝက်သက်ရဲ့လက္ခဏာ
အစပိုင်းမှာ အဖျားက ပြင်းထန်ပါတယ်။ ကလေးက မှိန်းလည်းမှိန်းပါတယ်။ နှာရည်ယို မျက်ရည်ကျပြီး မျက်လုံးတွေနီပါတယ်။ ဖျားပြီး လေး၊ ငါးရက်ကြာမှ နဖူးဆံစကစပြီး အနီကွက်တွေ ထွက်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားကာ ပြန့်တဲ့အချိန်မှာလည်း အဖျားက မကျသေးဘူး။ ပါးစပ်အာခေါင်မှာ အဖြူစက်လေးတွေ ထွက်ပါတယ်။
၂ - ကူးစက်မှု
ဝက်သက်က ကူးစက်မှုမြန်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် သုံး၊ လေးပေအနီးကို ရောက်တာနဲ့ ကူးနိုင်ပါတယ်။ ရောဂါ ဖြစ်ပွားသူရဲ့ အသုံးအဆောင်ပစ္စည်းကို ကိုင်မိရင် ကူးနိုင်ပါတယ်။ ရောဂါပိုးဝင်ပြီး ငါးရက်လောက်မှာ စဖျားတယ်။ နောက်ငါးရက် လောက်အကြာမှာ အပိမ့်တွေ ထွက်လာပါတယ်။ အပိမ့်မထွက်ခင် နှစ်ရက်၊ သုံးရက်ကနေ အပိမ့်ထွက်ပြီး နှစ်ရက်၊ သုံးရက်လောက်အထိ ကူးနိုင်တယ်။
၃ - အဖြစ်များဆုံးအရွယ်
ဝက်သက်ရောဂါက ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်တာပါ။ ကလေးအသက် ကိုးလကနေ (၅)နှစ်ကြားမှာ အများဆုံးဖြစ်ပွားတတ်ပြီး ရောဂါ ဖြစ်ပွားမှု ပြင်းထန်တတ်ပါတယ်။
၎ - နောက်ဆက်တွဲ ဆိုးကျိုး
နောက်ဆက်တွဲ ၀မ်းပျက်ဝမ်းလျှောဖြစ်တာ၊ အဆုတ်အအေးမိတာတွေကြောင့် သေတတ်ပါတယ်။ တိုက်ဖွိုက် (အူရောင်ငန်းဖျား) ဖြစ်တာ၊ သွေးလွန်တုပ်ကွေး ဖြစ်တာတို့နဲ့ မှားနိုင်ပါတယ်။ အဖျားကြီးတယ်၊ ပြင်းထန်တယ်ဆိုရင် ဆေးရုံ၊ ဆေးခန်းပြဖို့လိုပါတယ်။ ၀က်သက်ဖြစ်တာဟာ ခေတ်မီဆေးနဲ့ကုလို့မရဘူးဆိုတဲ့ အယူအဆ အင်မတန်မှားပါတယ်။ ခေတ်မီကုထုံးတွေနဲ့ ကုသမှုမလုပ်ရင် အသေအပျောက်ရှိနိုင်ပြီး ဖြစ်လာရင် ဆေးရုံ၊ ဆေးခန်းပြဖို့ အင်မတန်အရေးကြီးပါတယ်။
၅ - ကာကွယ်ဆေး
ဝက်သက်ကာကွယ်ဆေးထိုးရင် နှစ်ကြိမ်ထိုးရမှာဖြစ်ပါတယ်။ ပထမအကြိမ်ထိုးတဲ့ အချိန်မှာ ၈၅ ရာခိုင်နှုန်းပဲ ကာကွယ်မှုရပါတယ်။ ၁၅ ရာခိုင်နှုန်းက မထိရောက်ပါဘူး။ ကလေးအသက် ကိုးလမှာ ကာကွယ်ဆေးထိုးခြင်းဟာ ကောင်းတဲ့အချက်ဖြစ်ပြီး စောစောကာကွယ်မှုရပါတယ်။ ဒုတိယအကြိမ်အနေနဲ့ တစ်နှစ်ခွဲမှာ ဆက်ထိုးရပါတယ်။ ပထမအကြိမ်ထိုးပြီး ဒုတိယအကြိမ် မထိုးမိတာတွေ အဖြစ်များပါတယ်။
ဝက်သက်ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်ထိုးရင် ၈၅ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်။ ဒုတိယအကြိမ် မပျက်မကွက်ထိုးနိုင်ရင် ၁၀၀ ရာခိုင်နှုန်းခန့် ကာကွယ်နိုင်မယ်။ ၀က်သက်ရောဂါကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံဖို့ လိုအပ်ပါတယ်။ ၀က်သက်ရောဂါ ကာကွယ်ဆေးထိုးနှံဖူးသည်ဖြစ်စေ၊ မထိုးနှံဖူးသည်ဖြစ်စေ၊ ၀က်သက်ရောဂါဖြစ်ဖူးသည်ဖြစ်စေ၊ မဖြစ်ဖူးသည်ဖြစ်စေ ကာကွယ် ဆေး ထိုးနှံပေးရပါမယ်။ ကာကွယ်ဆေးက နောက်တစ်ကြိမ် ထပ်ထိုးလည်း ဆေးများသွားတယ်ဆိုတာ မရှိပါဘူး။ ကာကွယ်မှု ပိုကောင်းတာပဲရှိပါတယ်။ ဒါ့ ကြောင့် ထပ်ထိုးလို့ရပါတယ်။
၆ - ဒီနေရာတွေမှာ ထိုးလို့ရ
ဒေသန္တရ ကျန်းမာရေးဌာနတွေမှာ သွားထိုးလို့ရပါတယ်။ ကျေးလက်ကျန်းမာရေးဌာန သက်ဆိုင်ရာသားဖွား ဆရာမတွေဆီ စုံစမ်းပြီး ကာကွယ်ဆေးထိုးနှံနိုင်ပါတယ်။ မိဘတွေ အနေနဲ့ အခုအချိန်မှာ ကိုယ့်ရဲ့ ကလေးက ကွယ်ဆေးမထိုးရသေးရင် အမြန်ဆုံးသွားထိုးဖို့ တိုက်တွန်းပါတယ်။
ဖိုးသူတော် (www.phothutaw.com)
No comments: