Header Ads

Breaking News
recent

အေအက်ဖ်စီဖလားပြိုင်ပွဲ မြန်မာကလပ်နှစ်သင်း သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရ



အေအက်ဖ်စီဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွေကို မတ်လ ၇ ရက်နဲ့ ၈ ရက်တွေက ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာကိုယ်စားပြု ကလပ်နှစ်သင်းက သရေရလဒ်တွေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုတိယအဆင့်အမြင့်ဆုံး ကလပ်အသင်းပြိုင်ပွဲဖြစ်တဲ့ အေအက်ဖ်စီဖလား အုပ်စုပွဲစဉ်တွေမှာ မြန်မာကိုယ်စားပြုကလပ်တွေဖြစ်တဲ့ ရတနာပုံနဲ့ မကွေးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။
မကွေးအသင်းက မလေးရှားကလပ် ဂျိုဟိုးဒါရူးလ်အသင်းနဲ့ အိမ်ကွင်းမှာ ၁ ဂိုးစီ သရေကျခဲ့ပြီး ရတနာပုံအသင်းကလည်း ဗီယက်နမ်ကလပ် သန်ကွမ်နင်အသင်းနဲ့ အဝေးကွင်းမှာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။
မကွေးအသင်းဟာ အုပ်စုပထမပွဲစဉ်မှာ ရှုံးပွဲတွေ့ထားတာကြောင့် အခုပွဲစဉ်မှာ သရေကျခဲ့လို့ နောက်တဆင့်တက်ဖို့ ခက်ခဲသွားပြီလို့ မကွေးဘောလုံးအသင်း နည်းပြချုပ် ဦးဇော်ဝင်းထွန်းက ပြောပါတယ်။
“ရတဲ့အခွင့်အရေးကို အသုံးမချနိုင်ဘူး။ အဲဒီအတွက် သရေကျသွားတယ်။ ကျနော်တို့ ဒီနေ့ တပွဲလုံး ခြုံငုံပြောရမယ်ဆိုရင် သူတို့ ပထမပိုင်း မိနစ် ၃၀ မှာ ကျနော်တို့ဘက်က တချက်လေး ငေးငိုင်သွားတယ်။ အဲဒီမှာ ၁ ဂိုး ရသွားတယ်။ အဲဒီမတိုင်ခင်မှာ ကျနော်တို့က အခွင့်အရေး ၃ ကြိမ် ရတယ်။ ဂိုးအဖြစ် မပြောင်းလဲနိုင်ဘူး။ ဒုတိယပိုင်းတချိန်လုံးလည်း ကျနော်တို့ရတယ်။ လေးငါးကြိမ်လောက် ရတယ်။ မြင်တဲ့အတိုင်းပဲ၊ ဂိုးအဖြစ် မပြောင်းနိုင်ဘူး။ ချေပဂိုး ၁ ဂိုးပဲ ရလိုက်တယ်။ နောက်တဆင့်တက်ဖို့အတွက်တော့ ကျနော်တို့ ခက်ခဲသွားပါပြီ။ ကျနော့်အမြင် ပြောတာပေါ့နော်။ အကောင်းဆုံးတသင်းပဲ သွားမှာဖြစ်တဲ့အတွက် အုပ်စုဗိုလ်အဖြစ်နဲ့တော့ ကျနော်တို့ မသွားနိုင်တော့ဘူး။ နောက်တဆင့်တက်ဖို့ ခက်ခဲသွားပြီ။ ဒါပေမယ့် နောက်လာမယ့်ပွဲတွေကိုတော့ အနိုင်ရအောင် ကျနော်တို့ ကြိုးစားပါမယ်။”
မကွေးအသင်းဟာ ပထမပိုင်းမှာကတည်းက တယောက်အသာနဲ့ ယှဉ်ပြိုင်ကစားရတာ ဖြစ်ပေမယ့် ဂျိုဟိုးအသင်းရဲ့ ဦးဆောင်ဂိုးကို စတင်ခွင့်ပြုခဲ့ရပြီး ပွဲပြီးခါနီးမှာ မကွေးတိုက်စစ်မှူး ဆယ်လာက ချေပဂိုး သွင်းခဲ့တာပါ။
ဂျိုဟိုးနည်းပြ မိုရာကတော့ မကွေးနဲ့ပွဲမှာ တယောက်လျော့နဲ့ ကစားခဲ့ရလို့ သရေကျခဲ့တာဖြစ်ပြီး ဒီအုပ်စုမှာ သူတို့အသင်းက အကောင်းဆုံးအသင်း ဖြစ်တယ်လို့ ဆိုပါတယ်။
“မကွေးအသင်းရဲ့ ခြေစွမ်းအပေါ် ဘာမှမပြောလိုပေမယ့် ကျနော်တို့အသင်းနဲ့ယှဉ်ရင် ခြေစွမ်းတော်တော်နိမ့်ပါတယ်။ နည်းစနစ်ပိုင်းအရလည်း ထူးထူးခြားခြား မရှိပေမယ့် တဦးချင်းစီက တချိန်လုံး ကြိုးစားကစားခဲ့လို့ ခက်ခဲတဲ့ပွဲတော့ ဖြစ်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာပဲ တယောက်အထုတ်ခံခဲ့ရတာကလည်း အခက်အခဲဖြစ်ခဲ့တယ်။ ရလဒ်က ကျေနပ်စရာတော့ မရှိပါဘူး။ ဒါပေမယ့် ဒီအုပ်စုမှာ ကျနော်တို့အသင်းက အကောင်းဆုံးအသင်းဖြစ်လို့ နောက်တဆင့်တက်မယ်လို့ သေချာပေါက် ယုံကြည်တယ်လေ။”
အုပ်စု အက်ဖ်မှာ မကွေးအသင်းက ရမှတ် ၁ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရပ်တည်နေပြီး ဖိလစ်ပိုင်ကလပ် ဂလိုဘယ်က အုပ်စုပထမ၊ ဂျိုဟိုးက အုပ်စုဒုတိယ၊ ကမ္ဘောဒီးယားကလပ် အန်ကောက အုပ်စုအောက်ဆုံးမှာ ရပ်နေပါတယ်။
ရတနာပုံအသင်း ပါဝင်တဲ့ အုပ်စု အိတ်ခ်ျမှာ ရတနာပုံက ရမှတ် ၄ မှတ်နဲ့ အုပ်စု ပထမ၊ ဗီယက်နမ်ကလပ် လပ်သန်ကွမ်နင်က ဒုတိယ၊ စင်ကာပူကလပ် ဟုမ်းယူနိုက်တက်က အုပ်စုအောက်ဆုံးမှာ ရပ်တည်နေပါတယ်။
အေအက်ဖ်စီဖလားပြိုင်ပွဲမှာ အုပ်စုပထမ တသင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယ တသင်းပဲ နောက်တဆင့်တက်ရောက်မှာ ဖြစ်ပါတယ်။

No comments:

Powered by Blogger.