Header Ads

Breaking News
recent

ပြင်သစ်နိုင်ငံ ဥရောပအာကသစခန်းမှ ဂြိုဟ်တုတလုံး ထပ်မံလွှတ်တင် (ရုပ်သံ)

ဥရောပအာကာသ အေဂျင်စီ(အီးအက်စ်အေ)က မတ် ၆ ရက်နေ့မှာ ပြင်သစ်နိုင်ငံ ဖရန့်ခ်ျဂီယားနားရှိ ဥရောပအာကာသစခန်းကနေ ဂြိုဟ်တုတလုံး ထပ်မံလွှတ်တင်လိုက်ပါတယ်။


အခုလွှတ်တင်လိုက်တဲ့ Sentinel 2-B  ဂြိုဟ်တုဟာ သူ့ရဲ့အမွှာဂြိုဟ်တုဖြစ်တဲ့ Sentinel 2A နဲ့ သွားရောက်ပူးပေါင်းပြီး ဥရောပပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအေဂျင်စီ ကိုပါးနီးကပ်စ် အတွက် အရည်အသွေးမြင့်ပုံရိပ်တွေ ဖမ်းယူပေးနိုင်မှာ ဖြစ်ပါတယ်။
၁ ဒသမ ၁ တန်လေးတဲ့ အဲဒီဂြိုဟ်တုကို ဗီဂါဒုံးကျည်နဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲကို လွှတ်တင်လိုက်တာ ဖြစ်ပါတယ်။
၆ မိနစ်အတွင်းမှာ သုံးဆင့်ခွဲထွက် တွန်းလွှတ်လိုက်ပြီးနောက် ၅၇ မိနစ်အကြာမှာ ဂြိုဟ်တုဟာ ရည်ရွယ်ထားတဲ့ ပတ်လမ်းကြောင်းထဲကို ရောက်ရှိသွားပါတယ်။
၂၀၁၅ ခုနှစ် ဇွန်လမှာ လွှတ်တင်ခဲ့တဲ့ ဆန်တီနယ်တူးအေ နဲ့ ခုလွှတ်လိုက်တဲ့ ဆန်တီနယ်တူးဘီ တို့ ပူးပေါင်းပြီး ဆန်တီနယ်တူး ပုံရိပ်ဖမ်းစီမံကိန်းကို ဆောင်ရွက်သွား မှာဖြစ်ပါတယ်။
တခုချင်း သပ်သပ်စီလွှတ်တင်ခဲ့ပေမယ့် ဂြိုဟ်တုနှစ်စင်းလုံးဟာ ကမ္ဘာပတ်လမ်းတခုတည်းမှာ တစင်းနဲ့ တစင်း ၁၈၀ ဒီဂရီအကွာကနေ လှည့်ပတ်နေကြမှာဖြစ်ပါတယ်။
အဲဒီ ဆန်တီနယ်-တူး ဂြိုဟ်တုနှစ်လုံးမှာ အနီအောက်ရောင်ခြည်ကနေ ခရမ်းလွန်ရောင်ခြည်ထိ အရောင် ၁၃ မျိုးသုံးပြီး ရိုက်ကူးနိုင်တဲ့ အရည်အသွေးမြင့် ကင်မရာတွေ တပ်ဆင်ထားပါတယ်။ အဲဒီကင်မရာတွေကနေ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ကမ္ဘာ့ပုံရိပ်တွေကို မြင်နိုင်မှာဖြစ်ပါတယ်။
၂၉၀ ကီလိုမီတာအကျယ်ကို ရိုက်ကူးနိုင်ပြီး ၁ ပတ်လည်ပြီးတိုင်း အကြိမ်ကြိမ်ပြန်လည်ရိုက်ကူးခြင်းကနေ မမြင်ဘူးသေးတဲ့ ကမ္ဘာ့ပုံရိပ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒီစီမံကိန်းကနေ ရရှိလာတဲ့ပုံရိပ်တွေ ကို စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖို့၊ သစ်တောတွေ စောင့်ကြည့်ဖို့၊ ပင်လယ်ကမ်းစပ်နဲ့ ရေကန်တွေထဲက ရေတွေရဲ့ ညစ်ညမ်းမှုတွေကို စောင့်ကြည့်နိုင်ဖို့အပြင် သဘာဝဘေး အန္တရာယ်ကြုံနေရတဲ့ နေရာတွေကို စောင့်ကြည့်ဖို့ အတွက်လည်းသုံးနိုင်မယ်လို့ အီးအက်စ်အေကပြောဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Powered by Blogger.