Header Ads

Breaking News
recent

ကလေးလေးတွေက ဒီ (၃) ခုကို မိခင်ဗိုက်ထဲမှာ မမွေးခင်ကတည်းက သင်ကြားခဲ့ရတာပါ


သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တာတစ်ခုက လူတွေက မမွေးခင်၊ လူ့လောကကြီးထဲကို မရောက်ခင်ကတည်းက တတ်မြောက်ပြီးသား အရာ (၃) ခု ရှိပါတယ်တဲ့။ ကလေးပိစိလေးတွေက ဒီအရာ (၃) မျိုးကို သူတို့ မိခင်ဝမ်းဗိုက်ထဲမှာ ကတည်းက သိထားပြီးသား ကျွမ်းနေပြီးသား ဖြစ်နေတာလို့ ဆိုပါတယ်။ 

(၁) အရသာတွေကို ကောင်းကောင်းသိနေပြီ

ကွင်းစ်တက္ကသိုလ်က ပရော်ဖက်ဆာ ပီတာ ဟက်ပါလေ့လာချက်တစ်ခုအရ မိခင်တွေစားတဲ့အစားအစာတွေကို ကလေးလေးတွေက ခံစားသိနေရတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ကလေးအမေတွေ ကိုယ်ဝန်ဆောင်နေချိန်မှာ ချဉ်ခြင်းတက်တဲ့အစားအစာတွေက ကလေးတွေ မွေးပြီး ကြီးလာချိန်မှာ စားလေ့ရှိတဲ့ သူတို့ အကြိုက်နှစ်သက်ဆုံးအစားအစာတွေ ဖြစ်နေတတ်တာကို တွေ့ရပါတယ်။ ဗိုက်ကြီးကြီးနဲ့ ကြေးအိုးကို နှစ်ပွဲစားတဲ့ မိခင်တစ်ယောက်က မွေးလာတဲ့ကလေးက ကြေးအိုးအင်မတန်ကြိုက်တဲ့ကလေး ဖြစ်နေတတ်ပါတယ်။ ဒီလိုပဲ အုန်းနို့ခေါက်ဆွဲ ခဏခဏ ဝယ်ခိုင်းပြီး ၃ ပွဲလောက် စားနေပြီဆိုရင် သေချာပါတယ်၊ မွေးလာတဲ့ကလေးက အုန်းနို့ခေါက်ဆွဲအသည်းစွဲ ကြိုက်တဲ့ကလေးလေးဖြစ်နေတတ်ပါတယ်။

(၂) အသံတွေကို ကြားနေရပြီ 

ဖင်လန်သိပ္ပံပညာရှင်တွေက ကိုယ်ဝန်ဆောင်မိခင်တွေကို အုပ်စု (၂) အုပ်စု ခွဲလိုက်ပြီး တစ်ဖွဲ့ကို ညအိပ်ခါနီး သားချော့တေးနားထောင်စေပြီး နောက်တစ်ဖွဲ့ကိုတော့ သားချော့တေးနားမထောင်ဘဲ အိပ်စေပြီး စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကလေးတွေ မွေးလာပြီးနောက် သူတို့ကို အိပ်ခါနီး ချော့သိပ်တဲ့အခါ သီချင်းသံဖွင့်ပေးလိုက်ရင် ပထမအုပ်စုက ကလေးလေးတွေက ခြေတွေလက်တွေ ဆန့်တာ၊ ခြေတွေလက်တွေလှုပ်တာ စသဖြင့် တုံ့ပြန်မှုတစ်ခုခု လုပ်ကြတာ တွေ့ရပြီး တခြားကလေးတွေကတော့ မတူခြားနားနေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ကလေးလေးတွေက မမွေးခင် ဗိုက်ထဲမှာကတည်းက အသံတွေကို ကြားနေ၊ သိနေခဲ့ရပြီး ဖြစ်ပါတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုခဲ့ပါတယ်။

(၃) စကားသံတွေကို မှတ်မိနေပြီ

နယူးယောက်က စိတ်ပညာရှင်တစ်ယောက်က မွေးခါစကလေးတွေကို စကားပြောသံတွေကြားတဲ့အခါ တုံ့ပြန်မှုရှိမရှိ လေ့လာကြည့်ခဲ့ပါတယ်။ တွေ့ရှိချက်အရ ကလေးတွေက စကားပြောသံတွေကို လိုက်နားထောင်နေတတ်တယ်လို့ တွေ့ရပါတယ်။ စကားပြောသံတွေထဲမှာမှ သူတို့အမေကပြောတဲ့ စကားသံကို အမှတ်မိဆုံးနဲ့ နားအလည်ဆုံး၊ သူတို့ကို ပြောနေမှန်းလည်း အမြန်ဆုံးသိပါတယ်လို့ တွေ့ရှိခဲ့ပါတယ်။ 

ဒီလို ကိုယ်ဝန်ဆောင်မိခင်တွေကို မမွေးခင်မွေးပြီး ကလေးလေးတွေနဲ့ အတူ လေ့လာစမ်းသပ်ချက်အရ မိခင်တွေ ဗိုက်ကြီးပြီဆိုတာနဲ့ မိမိပတ်ဝန်းကျင်နဲ့ အပြောအဆိုတွေက ကောင်းမွန်နူးညံ့တဲ့ အငွေ့အသက်ရှိနေသင့်ပါတယ်။ ဗိုက်ထဲက ကလေးအတွက် အကြားအာရုံနဲ့ အခြားစူးစမ်းသင်ယူမှုတွေမှာ အများကြီး သက်ရောက်မှုရှိနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

No comments:

Powered by Blogger.