Header Ads

Breaking News
recent

သမီးလေးကို ဒါတွေလည်း သင်ပေးပါ


မြန်မာလူမျိုးတော်တော်များများရဲ့ အယူအဆက အိမ်ထောင်တစ်ခုမှာ ဦးစီးလုပ်ကိုင်ရတဲ့သူက ယောက်ျားသားတွေရဲ့ တာဝန်တစ်ခုလို့ မှတ်စွဲထားကြပါတယ်။ သားယောက်ျားလေး မွေးထားတဲ့မိဘတွေက  အိမ်ရဲ့တာဝန်တွေကို အဓိက ဦးဆောင်ရမယ့် အမျိုးသားကောင်းတစ်ယောက်ဖြစ်ဖို့ တာဝန်ယူတတ်မှုနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သူတွေ ဖြစ်အောင် လမ်းပြပေးကြပါတယ်။ အရည်အချင်းတစ်ခုခုကို ကျွမ်းကျင်စွာတတ်မြောက်စေဖို့နဲ့ အိမ်ထောင်တစ်ခုကို ထူထောင်နိုင်လောက်တဲ့ ကိုယ်ပိုင်ဝင်ငွေရရှိဖို့၊ ငွေရှာတတ်ဖို့၊ သုံးစွဲတတ်ဖို့ စတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံအောင် သွန်သင်ပေးကြပါတယ်။ သမီးလေးတွေ မွေးထားတဲ့ မိဘတွေက ကိုယ့်သမီးလေးကို ပညာသင်ဖို့၊ ငွေခြွေတာစုဆောင်းတတ်ဖို့၊ အိမ်မှုကိစ္စကျွမ်းကျင်ပိုင်နိုင်ဖို့ကိုပဲ အလေးထားသင်ကြားပေးလေ့ရှိကြပါတယ်။

အိမ်ထောင်ပြုလို့ရတဲ့ အရွယ်ရောက်နေသူတိုင်း ယောက်ျားလေးကော၊ မိန်းကလေးပါ ကိုယ့်ခြေထောက်ပေါ်ကိုယ် နဂိုကတည်းက တည်ငြိမ်စွာ ရပ်တည်နေနိုင်သူတွေ ဖြစ်နေသင့်ပါတယ်။ ကိုယ့်ဘဝကို ထိန်းကျောင်းရင်း ကောင်းကောင်းမွန်မွန်နေထိုင်ရင်းကမှ ကိုယ့်ဘဝ လက်တွဲဖော်အဖြစ် လက်ခံလို့ရမယ့် သဘောကျသူနဲ့ ဆုံတွေ့တဲ့အခါမှာ နှစ်ယောက်ပေါင်းပြီး ပိုမိုတိုးတက်အောင် ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။ ဒါမှလည်း သူ့အိမ်မက် ကိုယ့်အိပ်မက်တွေကို ကူညီအားပေးပုံဖော်ပေးနိုင်ပြီး ကျေနပ်မှုရှိတဲ့အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ 

အရင်အချိန်တွေတုန်းကလို ကိုယ့်ယောက်ျားဆီက ဈေးဖိုးကို ပြန်တောင်းနေရမယ့်ဘဝ၊ သူတို့က အိမ်ရဲ့ ဝင်ငွေရှာနေသူတွေဖြစ်တာမိ့ အဆင်မပြေပြေအောင် မလှပတဲ့ အိမ်ထောင်ကြီးကို သည်းခံမျိုသိပ်ပြီး ဖြတတ်သန်းနေရမယ့် ဘဝတွေကို ရွေးချယ်ချင်ကြသလားဆိုရင် ကိုယ့်ဘာသာကိုယ် တာဝန်ယူတတ်ထားပြီး စားဝတ်နေရေးအတွက် သူများမျက်နှာ ကြည့်စရာမလိုတဲ့ မိန်းမသားဘဝကိုသာ ရွေးချင်ကြမှာပါ။

မိန်းကလေးအနေနဲ့ ဆိုရင်လည်း အိမ်ထောင်မပြုခင်ကတည်းက ကိုယ်ပိုင်အလုပ်နဲ့ ကိုယ်ပိုင်ဝင်ငွေရှိထားတာ အကောင်းဆုံးပါပဲ။ ယောက်ျားတွေနဲ့ ယှဉ်ရင် သူတို့က ငွေပိုရှာတတ်၊ ပိုစီမံတတ်ကြတယ် ဆိုတာမျိုးက အနည်းနဲ့ အများတော့ ကွာခြားမှုရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း မိမိရှာတဲ့ငွေက နည်းနည်းများများ သမာအာဇီဝနည်းနဲ့ ရှာဖွေထားတာဆိုရင် ဘယ်ငွေမဆို အဖိုးတန်တာချင်းအတူတူပါပဲ။ ယောက်ျားက ပိုရှာနိုင်လည်း သူ့ကို မိန်းမသားမို့ အားကိုးလိုက်ပါတယ်ဆိုတာမျိုး မလုပ်ပါနဲ့။ ကိုယ်လုပ်စရာရှိတာကို လုပ်ပြီး ရလို့ ပိုနေရင် အလှူအတန်းလုပ်လို့ ရပါတယ်။ အိမ်ထောင်ပြုတဲ့အခါမှာ မိသားစုရဲ့ဝင်ငွေထွက်ငွေကို မျှတအောင် အကွက်စေ့စေ့စီမံသုံးစွဲတတ်သွားပါမယ်။  အိမ်ထောင်သည်မိန်းမတစ်ယောက်အတွက် ကိုယ်ပိုင်ဝင်ငွေရှိခြင်း၊ ကောင်းစွာ စီမံသုံးစွဲနိုင်ခြင်းတွေက အရေးပါတဲ့ အထောက်အပံ့ကောင်းတွေ ဖြစ်ပါတယ်။ ဘဝမှာ ကိုယ့်အရည်အချင်းနဲ့ကိုယ် ဂုဏ်ရှိပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ မိန်းမသားတစ်ယောက်အဖြစ် ရပ်တည်သွားနိုင်မှာဖြစ်ပါတယ်။ ကိုယ်တိုင်ရှာဖွေပြီး ရုန်းကန်ရတဲ့အတွက် သူတို့တွေရဲ့ စိတ်ဓာတ်တွေလည်း ကြံ့ခိုင်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာမိဘတွေအနေနဲ့လည်း သမီးမိန်းကလေးကို အိမ်ရဲ့တာဝန်တွေ တတ်နိုင်သလောက် သင်ယူပါစေ။ ဒီအပြင်အခြား မိသားစုအရေးကိစ္စတွေမှာ ပါဝင်ဆုံးဖြတ်ခွင့်၊ သူမရဲ့ ကိုယ်ပိုင်ဘဝကို စိတ်ကြိုက်ပုံဖော်နိုင်ဖို့ ထည့်သွင်းစဉ်းစားပေး၊ အခွင့်အလမ်းဖောက်ပေးသင့်ပါတယ်။ မိဘတွေအနေနဲ့ ငယ်စဉ်ကတည်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လိုစိတ်ကို မွေးမြူထားပေးသင့်သလို အရွယ်ရောက်လာချိန်မှာ သူမနဲ့ သင့်တော်တဲ့ အလုပ်အကိုင်တစ်ခုကို ရှာဖွေလုပ်ကိုင်ဖို့ ကူညီလမ်းပြပေးပါ။

မိဘတွေ ပြောနေကျ ငါတို့တုန်းက ဒီလိုပဲ ကြီးပြင်းရတာပါပဲအေ ဆိုတဲ့စကားမျိုး ပြောပြီး အိမ်ထောင်ပြုသားမွေးခိုင်းတာက မိန်းမတွေရဲ့ တစ်ခုတည်းသောအလုပ်အကိုင်ကြီးလို ဖြစ်အောင် မပြောသင့်ပါဘူး။ သင်က မိဘတစ်ယောက်ဆိုရင် သင့်သားသမီးကို သင့်ထက်တော်၊ သင့်ထက်ပိုတတ်ပြီး ပိုအရည်အချင်းရှိတဲ့သူတွေပဲ ဖြစ်စေချင်ကြမှာပါ။ လူကြီးတွေ စီစဉ်ပေးတာအကုန် နင်တို့အတွက်အကောင်းကြီးပဲဆိုပြီး သင့်ဘဝနဲ့ သင်ရခဲ့တာတွေအတိုင်း တစ်ထပ်တည်းဖြစ်နေအောင် သားသမီးတွေကို ပေးနေတတ်ပါတယ်။ သင့်အတွေ့အကြုံနဲ့ ယှဉ်ပြီး သင်ဖြတ်သန်းခဲ့တဲ့ ဒီလမ်းကြောင်းတစ်ခုကိုပဲ လိုက်နာဖို့ ပြောပြတိုက်တွန်းနေတာ၊ အခြားဆုံးဖြတ်ချက်ဆိုရင် လုံးဝခွင့်မပြုတာတွေ လုပ်တဲ့အခါ  သူမ ဖြတ်သန်းရမယ့်ဘဝကြီးက သင့်ဘဝစတိုင်လ်လိုမျိုးဖြစ်နေမယ် သေချာသလောက် ရှိပါတယ်။  သင့်ဘဝစတိုင်လ်ကို သင်ကိုယ်တိုင်တောင် ရာနှုန်းပြည့် သဘောတွေ့ချင်မှ တွေ့ပါလိမ့်မယ်။ ဒီထက်သာတဲ့ဘဝနေထိုင်မှုဆိုတာကို သူမမှာ သိမြင်ခံစားနိုင်မယ့် အခွင့်အရေးအပြည့်ရှိပါတယ်။

ဒါကြောင့် သမီးမိန်းကလေးမိဘတွေအနေနဲ့ မိမိမျိုးရိုးဂုဏ်ကို မထိခိုက်လောက်ဘူးဆိုရင် သမီးလေးကို ဘေးကနေ စောင့်ကြည့်ပြီး သူမလျှောက်ချင်တဲ့ ဘဝလမ်းခရီးမှာ အန္တရာယ်ကျရောက်နိုင်ရင် သတိပေးဂရုစိုက်ပေးဖို့ပဲလိုတာပါ။  မြန်မာမိန်းကလေးတိုင်း ထက်ထက်မြက်မြက်နဲ့ တင့်တင့်တယ်တယ် ရပ်တည်နိုင်သူလေးတွေ ဖြစ်အောင် သွန်သင်ပျိုးထောင်ပေးဖို့ မြန်မာနိုင်ငံမှာရှိတဲ့ သမီးရှင်မိဘတွေအားလုံးကို ရည်ရွယ်တိုက်တွန်းလိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)

No comments:

Powered by Blogger.