Header Ads

Breaking News
recent

မိုးမျှော်တိုက်ပေါ် အန္တရာယ်ရှိ သရုပ်ပြသည့် ရုရှားမော်ဒယ်အား ခံဝန်ကတိလက်မှတ်ထိုးခိုင်း (ရုပ်သံ)




ရုပ်သံဗွီဒီယိုအတွင်း ဒူဘိုင်းနိုင်ငံရှိ အမြင့်ဆုံးမိုးမျှော်တိုက်ပေါ်မှ တွဲလောင်းချသရုပ်ပြတဲ့ ရုရှားမော်ဒယ် ဗစ်တိုးရီးယားအောဒင်ကိုဗာ အသက် ၂၃ နှစ်ကို ဒူဘိုင်းရဲတပ်ဖွဲ့က ဆင့်ခေါ်လိုက်ပြီး အလားတူ အသက်အန္တရာယ်ရှိတဲ့ ပုံစံမျိုး နောက်ထပ်သရုပ်မပြရန် ခံဝန်ကတိလက်မှတ် ထိုးခိုင်းခဲ့တယ်လို့ The Sun ရဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။
ရုရှားမော်ဒယ်ဟာ ယခုအပတ်အစောပိုင်းမှာ ဒူဘိုင်းမှာရှိတဲ့ ၁၀၀၄ ပေအမြင့်ရှိ ကရန်းမိုးမျှော်တာဝါတိုက်ပေါ်မှာ အမျိုးသားတဦးရဲ့ လက်ကိုပဲကိုင်ဆွဲပြီး တွဲလောင်းချသရုပ်ပြခဲ့တာပါ။
ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်မြို့က မော်ဒယ် မစ်အော်ဒင်ကိုဗာက သူမနည်းနည်းတော့ ထိတ်လန့်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
“ဒီလိုလုပ်ခဲ့တယ်လို့ ကျမခုထိ မယုံနိုင်သေးဘူး။ ဒီဗွီဒီယိုကို ပြန်ကြည့်တဲ့အခါတိုင်း ကျမလက်ဖဝါးတွေမှာ ချွေးစေးတွေ ထွက်လာတယ်” လို့ သူမကပြောပါတယ်။
သူမက သူမ မိုးမျှော်တိုက်ပေါ်က တွဲလောင်းချ သရုပ်ပြခဲ့တဲ့ ရုပ်သံဗွီဒီယိုကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်တဲ့အခါ ဒီရုပ်သံဟာ အလျင်အမြန် ပျံ့နှံ့ထင်ရှားကျော်ကြားသွားတယ်လို့ ဆိုပါတယ်။
ဘာလုံခြုံရေးကိရိယာတွေမှ မပါဘဲ သူမရဲ့ ဒီလိုသက်စွန့်ဆံဖျား သရုပ်ဆောင်မှုအပေါ် သူမရဲ့ပရိသတ်များစွာက ဝေဖန်ပြောဆိုကြတယ်လို့လည်း သိရပါတယ်။
လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမည်မဖော်ပြထားတဲ့သူ တစ်ဦးက “ဒီလိုတွေလုပ်ပြီး မင်းအသက်ကို ဘယ်လောက်တောင်မှ မငဲ့တဲ့ လုပ်ရပ်မျိုး လုပ်နိုင်ရတာလဲ၊ ငါသာ မင်းမိဘတွေဆိုရင် မင်းရော မုတ်ဆိတ်မွှေးနဲ့ ကောင်ကိုရော ၂ ယောက်စလုံးကို ရိုက်ပစ်လိုက်တယ်။”
နောက်ထပ်မှတ်ချက်ရေးသူ တစ်ဦးကတော့ “လူတွေကို ဘယ်လောက်တောင် လန့်သွားစေလဲ မင်းက “Likes” တွေရဖို့အတွက်ဆို ဘာမဆို လုပ်ဖို့ အဆင့်သင့်ပဲလား” ဆိုပြီး ရေးသားထားပါတယ်။
ကွန့်မန့်ရေးသူ နောက်တစ်ဦးကလည်း အခြားမြင့်မားတဲ့ အဆောက်အဦတွေနဲ့ မိုးမျှော်တိုက်ကြီးတွေရဲ့ ထိပ်ဆုံးမှာ အသက်အန္တရာယ်ရှိတဲ့ ဆဲလ်ဖီပုံတွေရိုက်ပြီး ကမ္ဘာ့သတင်းခေါင်းကြီးပိုင်းမှာ ထင်ရှားလာတဲ့ ငယ်ရွယ်လှပတဲ့ ရုရှားမော်ဒယ် အိန်ဂျလီနာနီကိုလာ အသက် ၂၃ နှစ်ကို အတုခိုးပြီး သရုပ်ပြခဲ့တာလို့ စွပ်စွဲထားပါတယ်။
ရုရှားမော်ဒယ် အော်ဒင်ကိုဗာကို ဆင့်ခေါ်ပြီး ဒူဘိုင်းနိုင်ငံအတွင်းမှာ သူမအတွက် အသက်သေစေမယ့် အန္တရာယ်ရှိတဲ့ သရုပ်ဆောင်မှုမျိုး ထပ်မလုပ်ရန် ခံဝန်ကတိ လက်မှတ် ထိုးခိုင်းခဲ့တယ်လို့ ဒူဘိုင်းလက်ထောက်ရဲချုပ် ဖြစ်သူ ဗိုလ်မှူးကြီး ခါလေအီဘရာဟမ်က အာရေဘစ်ဘာသာစကားနဲ့ထုတ်ဝေတဲ့ al-Ittihad သတင်းစာကို ပြောခဲ့ပါတယ်။
“ရုရှမိန်းမငယ်လေးက ဒီလိုအသက်အန္တရယ်ရှိတဲ့ အလုပ်ကို ဘယ်လိုဖြစ်ပြီး လုပ်နိုင်ရတာလဲလို့” လက်ထောက်ရဲချုပ်က ပြောတာပါ။
အထပ် ၇၃ ထပ်ပါတဲ့ ကန်ရန်းမိုးမျှော်တာဝါတိုက်ကြီးဟာ ၂၀၁၃ ခုနှစ် စတင်ဖွင့်လှစ်ချိန်မှာ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ရှန်ဟိုင်းမိုးမျှော်တာဝါကြီးက အမြင့်ဆုံးလို့ သိရပါတယ်။

No comments:

Powered by Blogger.