အိန္ဒိယတွင် ဖွင့်လှစ်ထားသည့် အသက် ၆၀ နှင့်အထက် အမျိုးသမီးများအတွက် စာသင်ကျောင်း (ရုပ်သံ)
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြိုရဲ့အရှေ့ဘက် ၇၅ မိုင်ခန့်အကွာ ဖန်ဂနီရွာလေးမှာ သက်ကြီးအမျိုးသမီးတွေအတွက် စာသင်ကျောင်း ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
စာသင်ခန်းတခန်းသာရှိတဲ့ အဲဒီကျောင်းမှာ ၁ ရက်ကို မွန်းလွဲပိုင်း စာသင်ချိန် ၂ နာရီခန့်နဲ့ ၁ ပတ် ၆ ရက် ဖွင့်လှစ်သင်ကြားနေပါတယ်။
အမျိုးသမီးတွေ အိမ်မှုကိစ္စပြီးချိန်လောက်မှာ စာသင်ချိန်ကို စတာဖြစ်ပြီး ဒီကျောင်းမှာ စာသင်ဖို့ဆိုရင် အနည်းဆုံး အသက် ၆၀ ရှိရပါမယ်။
၂၀၁၁ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ အိန္ဒိယနိုင်ငံရဲ့ စာတတ်မြောက်မှုနှုန်းဟာ ၇၄ ရာခိုင်နှုန်းအထိ တိုးတက်လာတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အမျိုးသမီး စာတတ်မြောက်နှုန်းဟာ အမျိုးသားတွေနဲ့နှိုင်းယှဉ်ရင် အတော်လေး နိမ့်ကျနေပါတယ်။
၂၀၁၁ ခုနှစ် အစီရင်ခံစာအရ အမျိုးသားစာတတ်မြောက်နှုန်းဟာ ၈၂ ရာခိုင်နှုန်းရှိပြီး အမျိုးသမီး စာတတ်မြောက်နှုန်းကတော့ ၆၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။
ယောက်ျားလေးတွေကို ပိုတန်ဖိုးထားတာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတာတွေဟာ အမျိုးသမီး စာတတ်မြောက်နှုန်း ကျဆင်းရခြင်းရဲ့ အကြောင်းရင်းဖြစ်တယ်လို့ ပညာရေး ကျွမ်းကျင်သူတွေက ပြောဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
No comments: