ဘောလုံးအကယ်ဒမီ ၃ ခုအတွက် လူငယ်ကစားသမားရွေးချယ်ရေး အစီအစဉ် ရှင်းလင်း
ဘောလုံးအကယ်ဒမီ ၃ ခုအတွက် လူငယ်ကစားသမား ရွေးချယ်ရေး အစီအစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို မတ်လ ၇ ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)၊ မန္တလေးဘောလုံးအကယ်ဒမီနဲ့ ပုသိမ်ဘောလုံးအကယ်ဒမီ ၃ ခုအတွက် အသက် ၁၂ နှစ်နဲ့ ၁၁ နှစ်အောက် ကစားသမား ၂၀၀ လောက် ရွေးချယ်မှာဖြစ်ပါတယ်။
ကစားသမားရွေးချယ်ပွဲတွေကို လာမယ့် မတ်လ ၁၄ ရက်ကစပြီး နိုင်ငံအနှံ့ မြို့ပေါင်း ၅၅ မြို့မှာ သွားရောက်ရွေးမယ်လို့ သိရပါတယ်။
ရွေးချယ်ရာမှာ နည်းပြအဖွဲ့ ၄ ဖွဲ့ခွဲထားပြီး သတ်မှတ်ထားတဲ့ မြို့နယ်ကွင်းတွေနဲ့ ခရိုင်ကွင်းတွေမှာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
လာရောက်ရွေးချယ်ခံမယ့် ကစားသမားတွေအနေနဲ့ မှတ်ပုံတင်၊ ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်းနဲ့ မွေးစာရင်း တင်ပြရမှာဖြစ်ပြီး လျှောက်လွှာတွေကို သက်ဆိုင်ရာမြို့နယ် အားကစားနဲ့ ကာယပညာဦးစီးဌာနတွေမှာ အခမဲ့ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။
အပြီးသတ် ကစားသမား ရွေးချယ်မှုကို မေလ ၂ ရက်ကနေ ၁၀ ရက်အထိ ရန်ကုန် ဘောလုံးအကယ်ဒမီနဲ့ မန္တလေး ဘောလုံးအကယ်ဒမီတွေမှာ ဆက်လက်ရွေးချယ်မှာဖြစ်ပြီး အသက် ၁၂ နှစ်အောက် ကစားသမား ၁၅ ဦး၊ အသက် ၁၁ နှစ်အောက် ကစားသမား ၇၀ ဦးကို ရန်ကုန်၊ မန္တလေးနဲ့ ပုသိမ်ဘောလုံးအကယ်ဒမီတွေ၊ ကျောင်းတွေအတွက် ရွေးချယ်ခေါ်ယူသွားမှာ ဖြစ်ပါတယ်။
ရွေးချယ်ခံရတဲ့ ကစားသမားတွေရဲ့ ပညာရေးပိုင်းကိုလည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က တာဝန်ယူသွားမှာဖြစ်ပြီး ၂၀၂၃ ခုနှစ် ယူ-၁၇ ကမ္ဘာ့ဖလားမှာ ကစားခွင့်ရဖို့အထိ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
No comments: