ဖူကူရှီးမားက ကြီးထွားလာနေသည့် တောဝက်များနှိမ်နင်းရေး မုဆိုးအဖွဲ့ ငှားရမ်းဆောင်ရွက်နေ (ရုပ်သံ)
ဂျပန်နိုင်ငံ ဖူကူရှီးမား အုပ်ချုပ်ရေးနယ်မြေက လူမနေတဲ့မြို့တွေမှာ တောဝက်တွေ သွားလာနေတာကို မြင်တွေ့ရတာပါ။ ပုံမှန်အားဖြင့် တောဝက်တွေဟာ တောတောင်တွေထဲမှာ နေကြပြီး လူနေဧရိယာတွေကို ရှောင်ရှားလေ့ရှိပါတယ်။
ဒါပေမယ့် ၂၀၁၁ မြေငလျင်၊ ဆူနာမီနဲ့ နျူကလီးယားဓာတ်ပေါင်းဖို မတော်တဆမှုတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ လူတွေဟာ ဘေးလွတ်ရာ ပြောင်းရွှေ့သွားပါတယ်။
အဲဒါကြောင့် တိရစ္ဆာန်တွေ လူနေဧရိယာတွေထဲကို ဝင်ရောက်လာပါတယ်။
နျူကလီးယားစက်ရုံရဲ့ ကီလိုမီတာ ၂၀ အကွာမှာရှိတဲ့ နမ်မီနဲ့ တိုမီအိုကာ မြို့ငယ်နှစ်မြို့က တချို့နေရာတွေကို မတ်လ ၃၁ ရက်နေ့နဲ့ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ပြန်ဖွင့်မှာပါ။
ဒေသအာဏာပိုင်တွေဟာ မုဆိုးအဖွဲ့တဖွဲ့ကို ငှားရမ်းပြီး ကြီးထွားလာနေတဲ့ တောဝက်ကောင်ရေကို ထိန်းချုပ်ဖို့ ဆောင်ရွက်နေပါတယ်။
လူတွေမရှိချိန်မှာ တောဝက်ကောင်ရေ တိုးပွားလာခဲ့တာပါ။
တောဝက်တွေဟာ စိုက်ခင်းတွေကို ဖျက်ဆီးပြီး ဓာတ်ရောင်ခြည်သင့်နေတဲ့ အပင်တွေကို စားသုံးကြပါတယ်။
ဒါကြောင့် တောဝက်တွေကို မစားသုံးဖို့ ဖူကူရှီးမားအစိုးရက တားမြစ်ထားပါတယ်။
ဖူကူရှီးမားနယ်မြေ သုတေသနအဖွဲ့ရဲ့ အဆိုအရ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ အစောပိုင်းအထိ တောဝက် ၂၀၈ ကောင် ဖမ်းဆီးရရှိပြီး အဲဒီထဲက ၁၀၆ ကောင်မှာ ဆက်စီယမ်ဓာတုပစ္စည်း တွေ့ရတယ်လို့ ဆိုပါတယ်။
တောဝက်တွေဟာ ဒေသခံတွေအတွက် ဓာတ်ရောင်ခြည် အန္တရာယ်အပြင် လုံခြုံရေးအန္တရာယ်လည်း ရှိတယ်လို့ တိုကျိုတက္ကသိုလ် ဓာတ်ရောင်ခြည်ဌာန ပါမောက္ခ တာကာဟီဆာ မူရာတာက ပြောတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
No comments: