Header Ads

Breaking News
recent

နွေရာသီတွင် အပူဒဏ်သတိထားရန် ဒေါက်တာထွန်းလွင် ပြော



လက်ရှိ နွေရာသီမှာ ကျရောက်မယ့် အပူဒဏ်တွေထဲမှာ လူကို အသံတိတ် အန္တရာယ်ပေးနိုင်မယ့် အပူဒဏ်အမျိုးအစားတွေပါတဲ့အတွက် သတိထားဖို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောဆိုလိုက်ပါတယ်။
လက်ရှိနွေရာသီဟာ ခရမ်းလွန်ရောင်ခြည်ညွန်းကိန်း အမြင့်ဆုံးအနေထားကို ရောက်နေပြီးတော့ ဒီနှစ်မှာ ကျရောက်တဲ့ အပူဒဏ်အမျိုးစား လေးမျိးမှာ လူကို အသံတိတ်အန္တရာယ်ပေးမယ့် အပူဒဏ်အမျိုးစားလည်း ပါဝင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဆိုပါတယ်။
“ကြောက်စရာကောင်းတာက ဒီအပူက မသိသာဘူး။ ဘာလို့မသိတာလဲဆိုတော့ သူက တိုင်းလို့မရဘူး။ တွက်ယူမှရတယ်ဆိုတော့ တွက်ကြည့်တဲ့လူရှိမှ၊ တွက်တတ်တဲ့လူ တွက်မှပဲ ဒီအပူ ဘယ်လောက်ဆိုးတယ်ဆိုတာ သိရမယ်ပေါ့နော်။ ရန်ကုန်မြို့မှာ တနှစ်က ဆရာ တွက်ကြည်တာပေါ့။ အဲဒီနေ့က အပူချိန်က ၃၆ လောက်ပဲ ရှိတယ်။ ဒါပေမယ့် အဲဒီရက်က ရေငွေ့က ၉၄ ရာခိုင်နှုန်း ရှိနေတယ်။ ခန္ဓာကိုယ်မှာ လူမသိဘဲ ခံနေရတဲ့ အပူချိန်ကို တွက်ကြည့်လိုက်တော့ ၆၄ လောက် ရှိတယ်။ ၆၄ ဆိုတော့ ဘယ်နည်းနဲ့မှ မခံနိုင်တော့ဘူး။ အဲဒီတော့ Heat Stress ဖြစ်တာပေါ့။”
အသံတိတ်လူသတ်သမားလို့ ပြောလို့ရတဲ့အပူဒဏ်ဟာ ခန္ဓာကိုယ်တွင်း ခံစားရတဲ့ အပူဒဏ်အပြင် အပြင်လေ အပူနဲ့ ရေငွေ့အပူပေါင်းစပ်ပြီး လူခံနိုင်ရည်ထက် ကျော်လွန်တဲ့ အပူမျိုး ဖြစ်ပေါ်လာတာပါ။ အဲဒီအပူဒဏ်ဟာ Hight Heat  Index  အမျိုးစားပဲ ဖြစ်ပါတယ်။
လူကို တခြား အန္တရာယ်ဖြစ်စေနိုင်တဲ့ အပူဒဏ်တွေကတော့  နေ့အပူချိန် စံချိန်တင် မြင့်တက်တာတွေ၊ အပူချိန်စံချိန်တင်အောင် မမြင့်ပေမယ့် အမြင့်ပိုင်း အပူ့ချိန် နေ့စဉ်ရက်ဆက် ကျရောက်နေတဲ့အတွက် အပူဒဏ် HEAT STRESS ခံစားရတာတွေနဲ့  ခရမ်းလွန်ရောင်ခြည်ညွန်းကိန်း မြင့်မားတာတွေပဲ ဖြစ်ပါတယ်။
ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း မြင့်တက်တဲ့အချိန်မှာ အကာအကွယ်မဲ့နေမယ် ဆိုရင်တော့ ရောဂါအသေးဖွဲကစပြီး သားသမီးမရနိုင်တဲ့ အခြေအနေတွေထိ ဖြစ်မယ်လို့ ဒေါက်တာထွန်းလွင်က သတိပေးပြောဆိုထားပါတယ်။
“နှစ်စဉ်နှစ်တိုင်း အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁၁ ရဲ့အထက်ကို နှစ်တိုင်းကျော်တယ်။ တချို့နှစ်တွေမှာ ၁၅၊ ၁၆ တွေ ရှိတယ်။ ဒီနှစ်ဆိုရင် ဒီအပတ်ကစပြီးတော့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းဟာ လွန်ကဲတဲ့အဆင့်ကို စရောက်လာပြီပေါ့နော်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားတဲ့ အခြေအနေမှာ လူဟာ အကာအကွယ်မဲ့ နေမိရင်ပေါ့။ အထူးသဖြင့် အန္တရာယ်ရှိတဲ့ အခြေအနေ မွန်းတည့်အချိန်တွေတို့၊ နေ့လယ် ၂ နာရီတို့၊ ဒီလိုအချိန်တွေမှာ နေပူထဲမှာ အကာအကွယ်မပါဘဲနဲ့ သွားလာနေမိတဲ့သူတွေမှာ ရောင်ခြည်သင့်တာပေါ့။ အနိမ့်ဆုံးအဆင့်ကတော့ အရေပြား နေလောင်တာပေါ့။ အဲဒီကတဆင့် မြင့်တက်လာရင်တော့ အရေပြားမှာ ကင်ဆာဖြစ်တာပေါ့။ နောက် မျက်လုံးကို ထိမိရင် မျက်စိအမြင်အာရုံ ထိခိုက်မယ်။ အဆိုးဆုံးကတော့ အကြာကြီး သွားထိခိုက်မိရင်တော့ အထိခိုက်ခံရတဲ့သူဟာ သားသမီးမရနိုင်တဲ့ရောဂါ ရနိုင်တယ်။”


လက်ရှိမှာတော့ နေ့အပူချိန် အခြေအနေတွေ မြန်မာနိုင်ငံမှာ အမြင့်ဆုံး အနေထား ရှိနေပြီးတော့ ခရမ်းလွန်ရောင်ခြည်ညွန်းကိန်း အနေထားကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး(အထက်ပိုင်း)တို့မှာ အမြင့်ဆုံးဖြစ်နေပြီး ကျန်ဒေသတွေမှာ လွန်ကဲအဆင့် ဖြစ်နေပါတယ်လို့ မိုးလေဝသ သတင်းထုတ်ပြန်ချက်တွေမှာ ထုတ်ပြန်ထားပါတယ်။

No comments:

Powered by Blogger.