ဆီးရီးယားတွင် တိုက်ပွဲကြောင့် အရပ်သား ၃ သိန်း ဘေးသင့်နေဟု ကုလပြော
ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့နားက တိုက်ပွဲတွေ ပြင်းထန်နေလို့ အရပ်သား အယောက် ၃ သိန်း ဘေးသင့်နေတယ်လို့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကြံပေး ဂျန်အဲ့ဂ်ဂဲလန်က မနေ့က ပြောလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ဆီးရီးယား လူသားချင်းစာနာမှု လုပ်ငန်းစဉ် အစည်းအဝေးအပြီး ရိုက်တာ သတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ ခုလို ပြောလိုက်တာပါ။
ဒမတ်စကတ်မြို့စွန်က သိမ်းပိုက်ခံ ဒူးမားနဲ့ ခါဖီယာ ဘတ္တနာ ဒေသတွေမှာ အရပ်သား ၁ သိန်းခွဲလောက်စီ ရှိနေတာပါ။
စားနပ်ရိက္ခာ အခြေအနေ ယိုယွင်းလာနေပြီး တရားမဝင် ဖြန့်ဖြူးရေး လမ်းကြောင်းတွေလည်း ဖြတ်တောက် ခံထားရပါတယ်။
“အကူအညီပေးရေး ယာဉ်တန်းတွေရဲ့ လုံခြုံရေးကို လက်နက်ကိုင် အုပ်စုတွေက အာမခံ မပေးသလို ဆီးရီးယား အစိုးရကလည်း ယာဉ်တန်းတွေကို ဖြတ်သန်းခွင့် မပေးပါဘူး။ ဒါကြောင့် ဘယ်လိုအကူအညီမှ သွားပေးလို့မရ ဖြစ်နေတယ်။” လို့ အဲ့ဂ်ဂဲလန်က ပြောပါတယ်။
သူပုန်တွေက အစိုးရတပ်နဲ့ ဂျိုဘာခရိုင် မြို့လယ်မှာ ငါးရက်မြောက်နေ့အဖြစ် ကြာသပတေးနေ့က တိုက်ပွဲဖြစ်ပွားနေပါတယ်။ ဟားမားမြို့ မြောက်ပိုင်းမှာလည်း ဆီးရီးယား စစ်တပ်ကို ထိုးစစ်ဆင်နေပါတယ်။
ကုလသမဂ္ဂက ဒမတ်စကတ် မြို့ပြင်တောင်ကြားက ဝါဒီ ဘာရာဒါမြို့ကို ဒီနေ့ အကူအညီပေးရေး ယာဉ်တန်းလွှတ်ဖို့ မျှော်လင့်ထားပါတယ်။
သိမ်းပိုက်ခံ မာဒါယာမြို့ကို စားသောက်ကုန်တွေ အရင်အပတ်က ရောက်နေပေမယ့် မြို့ကို ဝိုင်းထားတဲ့ ပြည်သူ့စစ်တွေက ချောင်းမြောင်းနေလို့ ဖြန့်ဝေလို့မရနိုင် ဖြစ်နေတယ်လို့ အဲ့ဂ်ဂဲလန်က ပြောပါတယ်။
ဟုမ်းမြို့မှာ တိုက်ခိုက်ရေးသမားတွေနဲ့ မိသားစုတွေကို ဘေးကင်းရာ ကယ်ထုတ်မယ့် သဘောတူညီချက်လည်း ရပ်သွားခဲ့လို့ ပိတ်မိနေတဲ့ အရပ်သား ၅ သောင်းအတွက် ကုလက မထောက်ပံ့နိုင် ဖြစ်နေပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရဲ့စ်တေလာဆန်ကတော့ ဆီးရီးယားနဲ့ အီရတ်က အယ်လ်ကိုင်းဒါးတွေနဲ့ အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်ခိုက်ရေး စစ်မျက်နှာသစ် အတွင်း ဒုက္ခသည်တွေ အိမ်ပြန်ရေး ကူညီဖို့ ကြားဖြတ် တည်ငြိမ်ရေးဇုန်တွေ တည်ထောင်မယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
အဲ့ဂ်ဂဲလန်ကတော့ “ဘယ်လို အဆိုပြုချက်မဆို သတိကြီးကြီးထားပြီး လေ့လာဖို့လိုတယ်၊ ဆီးရီးယားကို ပြန်လာမယ့်သူအားလုံးဟာ သူတို့သဘောနဲ့ သူတို့ ပြန်လာတာဖြစ်ရမယ်၊ အကာအကွယ်နဲ့ အကူအညီ ရရလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
No comments: