ဈေးဝယ်စင်တာတခုပေါ် လေယာဉ်ငယ်ပျက်ကျ၊ လေယာဉ်ပေါ်ပါ လူ ၅ ဦး သေဆုံး (ရုပ်သံ)
သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဈေးဝယ်စင်တာတခုပေါ် လေယာဉ်ငယ်တစီး ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လူ ၅ ဦးလုံး သေဆုံးသွားခဲ့ရတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြောရေးဆိုခွင့်ရ ဗစ်တိုးရီးယားပြည်နယ် ဒုတိယရဲချုပ် စတီဖင် လီအန်က အဲဒီလေယာဉ်ငယ်ဟာ အက်ဆန်ဒန်လေဆိပ်ကနေ စတင်ပျံသန်းခဲ့ပြီး အချိန်တိုအတွင်း လေယာဉ်စက်ပိုင်းမှာ ဆိုးဆိုးဝါးဝါး ချို့ယွင်းမှုတခုဖြစ်ပြီး ပျက်ကျခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ဈေးဝယ်စင်တာကတော့ အများပြည်သူအတွက် မဖွင့်လှစ်ရသေးတာမို့ တခြား ထိခိုက်သေဆုံးရတာတွေ မရှိဘူးလို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် ဒန်နီယယ် အန်ဒရူးစ်ကတော့ “ဒီနေ့ဟာ တကယ့်ကို ဝမ်းနည်းစိတ်ထိခိုက်ရဆုံး နေ့တနေ့ပါပဲ။ ဒီပြည်နယ်ထဲမှာ ဒါဟာ နှစ်ပေါင်း ၃၀ ကာလအတွင်း အဆိုးဝါးဆုံး မြို့ပြလေကြောင်း မတော်တဆမှု ရလဒ်တခုပါပဲ” လို့ ပြောလိုက်ပါတယ်။
လေယာဉ်ငယ်ဟာ တက်စ်မေးနီးယား ဘုရင့်ကျွန်းဆီ သွားရောက်လည်ပတ်ဖို့ ထွက်ခွာခဲ့တာဖြစ်ပြီး အဲဒီကျွန်းဟာ လှပတဲ့ကမ်းခြေနဲ့ လေ့လာစရာ နို့ထွက်ပစ္စည်း စက်ရုံတွေကြောင့် ထင်ရှားပါတယ်။
မဲလ်ဘုန်းမြို့လယ်နဲ့ ၁၃ ကီလိုမီတာသာဝေးတဲ့ အက်ဆန်ဒန်လေဆိပ်ကတော့ လေယာဉ်ငယ်တွေသာ အသုံးပြုတဲ့ လေဆိပ်တခုဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပြီး အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
No comments: