Header Ads

Breaking News
recent

ဥရောပမြောက်ပိုင်း လေးနိုင်ငံနေ့ကို ရန်ကုန်တွင် ပထမဆုံးကျင်းပ

ဥရောပမြောက်ပိုင်း လေးနိုင်ငံနေ့ကို ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဥရောပမြောက်ပိုင်း နိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတွေက သံတမန်ရေးရာ လုပ်ငန်း ဆောင်ရွက်သူတွေ ဟာ ရန်ကုန်မြို့က Nordic House မှာ Nordic နိုင်ငံများနေ့ကို ကျင်းပခဲ့တာပါ။
နော်ဒစ်နိုင်ငံတွေဟာ မြန်မာနိုင်ငံက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ လူငယ်တွေနဲ့ ပညာရေးကဏ္ဍ စတာတွေမှာ အထောက်အပံ့ပေးနေကြတာပါ။
ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E. Peter Lysholt Hansen က “ မြန်မာနိုင်ငံမှာ သိတဲ့ အတိုင်း လူဦးရေရဲ့ တစ်ဝက်လောက်က ၂၇ နှစ်အောက် လူငယ်တွေ ဖြစ်တယ်။ လူငယ်တွေမှာ အလွန်ကြီးမားတဲ့ စွမ်းရည်တွေ ရှိကြတယ်။  အရေးကြီးတာက မြန်မာနိုင်ငံ ချမ်းသာကြွယ်ဝအောင်၊ ဒီမိုကရေစီ အမှန်တကယ် ထွန်းကား လာအောင် အဲဒီ စွမ်းရည်တွေကို ဘယ်လို အသုံးချမလဲဆိုတာပါပဲ။ အဲဒီ ကဏ္ဍတွေ အတွက်လည်း နောဒစ် နိုင်ငံတွေက လုပ်ဆောင်နေကြပါတယ်။
ပညာရေးကဏ္ဍကို ကျနော်တို့ ပံ့ပိုးပေးနေပါတယ်။ လူငယ်တွေရဲ့ အသံနဲ့ ထင်မြင်ချက်တွေကိုလည်း အားပေးနေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
နော်ဒစ်နိုင်ငံတွေအနေနဲ့ ဆင်းရဲနွမ်းပါးပြီး ထည့်သွင်းစဉ်းစား မခံရတဲ့ ကလေးတွေနဲ့ လူငယ်တွေအတွက် ပညာရေး တိုးမြှင့်သင်ကြားပေးနိုင်ဖို့ကို ကူညီဆောင်ရွက်နေတာပါ။
တော်ဝင်နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Ms. Tone Tinnes က “မြန်မာလူငယ်များကို မှာကြားချင်တာက ဒါက သင့်နိုင်ငံပါ။ လူငယ်တွေရဲ့ စကားသံနဲ့ လူငယ်တွေရဲ့ လိုအပ်ချက်ကို ကြားရဖို့၊ သိရဖို့ အရေးကြီး ပါတယ်။  လူငယ်တွေက အလွန် စိတ်အားထက်သန်ကြတယ်။ နော်ဝေ မှာလည်း အဲလိုပါပဲ။ ဒါပေမယ့် ဒီမိုကရေစီဆိုတာ နေ့ချင်းညချင်း ဖြစ်ပေါ်လာမှာမဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ အချိန်အများကြီး ကြာတတ်ပါတယ်။ ဒါပေမယ့် တဆင့်ပြီး တဆင့် တိုးတက်လာပါလိမ့်မယ်” လို့ ပြောပါတယ်။
ပြီးတော့ မြန်မာနိုင်ငံမှာ ကျောင်းဆောင်တွေပြုပြင်တာ၊ ဆရာ၊ဆရာမတွေကို သင်တန်းပေးတာနဲ့ ပညာသင်ဆု ပေးတာတွေကိုလည်း ပြုလုပ်နေပါတယ်။
နော်ဒစ်နိုင်ငံတွေအနေနဲ့ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံက လူငယ်တွေကို အဓိကထား ထောက်ပံ့ကူညီမှာ ဖြစ်ပါတယ်။

No comments:

Powered by Blogger.