Header Ads

Breaking News
recent

အ များပြည် သူ ရုံးပိတ်ရက်များ လျှော့ချ၊ ပြင်ဆင် သတ်မှတ်ခြင်းနှင့် ပြည်သူ့အသံ ..!




သင်္ကြန်တွင်း ပိတ်ရက်ဆယ်ရက်ကို ငါးရက်သို့လျှော့ချလိုက်ပြီး ကျန်ငါးရက်ကို တစ်နှစ်တာအတွင်းရှိ ပိတ်ရက်အသစ်များအဖြစ် အစားထိုး ပြင်ဆင်သတ်မှတ်ပေးသည့်အပေါ် ကန့်ကွက်မှု၊ ထောက်ခံမှုများ ထွက်ပေါ်လျက်ရှိရာ သင်္ကြန်ရက်ရှည်ပိတ်ရက်များကို ပြင်ဆင်လျှော့ချခြင်း၊ အစားထိုးပိတ်ရက်များ ပြန်လည်သတ်မှတ်ခြင်းနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးရှိ ပြည်သူ့အသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ကိုကျော်ဇေယျ (၀န်ထမ်း၊ အောင်လံမြို့)

ကျွန်တော်တို့ အောက်ခြေက၀န်ထမ်းတွေဟာ အမိန့်အတိုင်း ဦး ကျိုးခေါင်းငုံ့ အလုပ်လုပ်ကြရသူတွေဖြစ်တဲ့အတွက် အခုကိစ္စမှာလည်း ကျွန်တော်တို့အနေနဲ့ ဘယ်လိုစောဒကမျိုးမှ တက်ခွင့်မရှိဘဲ ညွှန်ကြား ချက်ကို နာခံရုံပဲရှိတယ်ဆိုတာ အရင်ဆုံး စကားခံထားချင်ပါတယ်။ အား လုံးခြုံပြောရမယ်ဆိုရင် သဘောမတူဘူးပဲပြောရမှာပါ။ ဘာလို့လဲဆို တော့ ကျွန်တော်ဆို တစ်နှစ်ပတ်လုံးမှ ဒီရက်ရှည်ပိတ်ရက်တစ်ကြိမ်သာ မိဘရှိရာကိုပြန်နိုင်သူပါ။ ဒါတောင် စိတ်ညစ်စရာကောင်းလွန်းတဲ့ ကား လက်မှတ် အခက်အခဲအဆင့်ဆင့်ကို ကျော်ဖြတ်ပြီးမှ ပြန်ရတာ။ ဒီလို ပြောလို့ တခြားပိတ်ရက်တွေမှာ ပြန်ရင်မရဘူးလားဆိုတော့ ပြန်လို့ရပါ တယ်။ ဒါပေမဲ့ တခြားပိတ်ရက်တွေက ရက်တိုပိတ်ရက်တွေဖြစ်တဲ့အ တွက် နှစ်သစ်ကူးပိတ်ရက်လို မိဘနေရပ်မှာ အေးအေးဆေးဆေးနေချင်ရင် လုပ်သက်ခွင့်တို့ဘာတို့ ယူရပါ တယ်။ လုပ်သက်ခွင့်ယူတဲ့အခါ အထက်အဆင့်ထိ သတင်းပို့ရတာမျိုးရှိပါတယ်။ ပျမ်းမျှ လစာဖြတ်တောက် ခံရပါတယ်။ အလုပ်ဖွင့်ရက်မှာ ခွင့်ယူရမှာဖြစ်တဲ့အတွက် လုပ်ငန်း ဆောင်ရွက်မှုမှာ နှောင့်နှေးမှုတွေရှိနိုင်ပါတယ်။ ဒါကြောင့် နှစ်သစ်ကူး တစ်ဆက်တည်း ရက်ရှည်ပိတ်ရက်မျိုးကိုသာ ပိုမိုလိုလားတယ်လို့ ပြောချင်ပါတယ်။

ကိုစိုးသူရ (PR and CSR Manager Samsung)

သင်္ကြန်ပိတ်ရက် ၁၀ ရက်ဆိုတာများတာကို လက်ခံပါတယ်။ ဒါ ပေမဲ့ အစိုးရကအနည်းဆုံး ခြောက်လလောက်မတိုင်ခင် ပြည်သူလူထုကို ကြိုတင်အသိပေးပြီး ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်တွေကို တစ်ပါတည်းချပြမယ်ဆိုရင် အားလုံးလက်ခံမှာပါ။ အခုလို သင်္ကြန်မတိုင် ခင် တစ်လတိတိ အလိုကျမှ ရုတ်တရက်ထအသိပေးကြေညာတာ ဘာ ကြောင့်လဲဆိုတာတော့ အစိုးရပဲသိမှာပါ။ ဒါဟာ တာဝန်ယူမှုရှိတဲ့၊ စနစ် ကျတဲ့ အစိုးရတစ်ရပ်ရဲ့ ပုံစံတော့မဟုတ်ပါဘူး။ အထူးသဖြင့် နယ်ဝေး ကနေ တခြားမြို့တွေမှာတာဝန်ထမ်းဆောင်နေကြတဲ့ အစိုးရနဲ့ အရပ် ဘက်က ၀န်ထမ်းအငယ်တွေဆိုရင် ဒီသင်္ကြန်ပိတ်ရက်ကိုပဲ အိမ်ပြန်ဖို့ အားခဲထားကြတာလေ။ သူတို့ရဲ့ လစာအနေအထားနဲ့ လုပ်ပိုင်ခွင့်တွေ အရ တခြားပိတ်ရက်အတိုတွေမှာ အိမ်ပြန်ဖို့ဆိုတာ အခက်အခဲရှိပါတယ်။ ဒါ့အပြင် Inbound Outbound လုပ်နေတဲ့ ခရီးသွားအေဂျင်စီတွေ အတွက်လည်း အများကြီးနစ်နာဆုံးရှုံးမှုတွေ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ Tour Package တွေ၊ Visa ကိစ္စတွေဆိုတာ ကြိုတင်စီစဉ်ရတာ ကိုး။ အခုထပ်တိုးပေးတဲ့ အစားထိုးပိတ် ရက်တွေဆိုတာလည်း အများပြည်သူ တကယ်လိုလားတဲ့ ပိတ်ရက်တွေပါတာလည်းရှိသလို မပါတာလည်းရှိပါ တယ်။ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းကြီးတွေမှာ လုပ်ကိုင်နေတဲ့ ၀န်ထမ်းတွေမှာက လုပ်သက်အလိုက် Annual Leave ဆိုတာ ခံစားခွင့်ရှိပါတယ်။ ဒီအတွက် ပိတ်ရက်ရှည်က ခံစားခွင့်ရှိပါတယ်။ ဒါပေမဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ၊ စက်ရုံ၊ အလုပ်ရုံတွေက မိသားစုပုံစံတွေများပါတယ်။ အဲဒီလို စနစ်ကျမှုမျိုးမရှိပါဘူး။ ဒီတော့ အစိုးရက ဘယ်လိုပေါ်လစီမျိုးနဲ့ အားလုံးတန်းတူမျှတတဲ့ အနေအထားကို ဖန်တီးပေးမှာလဲ။

ဦးနော်အောင်(ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်)

အလုပ်သမားတွေအနေနဲ့က ဘယ်လိုမှ လက်ခံနိုင်တဲ့အနေအ ထားမရှိဘူး။ အဓိကစက်မှုဇုန်မှာ လုပ်နေတဲ့အလုပ်သမားတွေကို ပြန် ကြည့်လိုက်ရင် အများစုကတစ်နယ်တစ်ကျေးကနေ လာလုပ်ကြတဲ့သူ တွေ။ မိဘတွေကို ခွဲပြီးလာလုပ်ကြတာပေါ့။ သူတို့အနေနဲ့က မိဘနဲ့တွေ့ ရဖို့နေရပ်ပြန်နိုင်ဖို့ဆိုတာ ဒီအချိန်လေးကိုပဲ မျှော်လင့်ထားကြတာ။ ထုံး တမ်းစဉ်လာအရဆိုရင်လည်း တရားစခန်းဝင်တာ၊ ကိုယ်ရေးကိုယ်တာ လုပ်ငန်းတွေ လုပ်ဖို့ဆိုတာတွေက ဒီပိတ်ရက်အချိန်မှာပဲ လုပ်ရတာလေ။ ဒါကြောင့် ပိတ်ရက်လျှော့တာဟာ အလုပ်သမားတွေအတွက် အဆင် ပြေမှုမရှိဘူး။ ၁၀ ရက်ပိတ်တဲ့အချိန်တုန်းကတောင်မှ အလုပ်သမား တွေသွားဖို့လာဖို့အတွက် မလုံလောက်ချင်ဘူး။ ကား၊ ရထားလက်မှတ်ရဖို့အတွက် အခက်အခဲတွေအများကြီး ရှိခဲ့တာ။ တချို့စက်ရုံတွေဆိုရင် ၁၀ ရက်နဲ့ မလုံလောက်လို့ ပိတ်ရက်မတိုင်ခင် သုံးပတ်လောက်ကတည်း က တစ်ပတ်တစ်ရက်နားရက်မယူဘဲ အချိန်ပိုဆင်းကြရတယ်။ ဒါမှ ပိတ်ရက်က ၁၃ ရက်ရမှာမို့လို့။ ဒါကြောင့် အလုပ်သမားတွေကိုယ်စား လက်ရှိပိတ်ရက် ဆယ်ရက်အတိုင်းပဲထားပေးဖို့ မေတ္တာရပ်ခံချင်တယ်။

ဒေါ်မေသူထွန်းမြင့် (ကျောင်းဆရာမ၊ အစိုးရရုံးပိတ်ရက်တွင် ဇာတိ ရခိုင်ဒေသသို့ ပြန်လေ့ရှိသူ)

အစ်မတို့က ကိုယ့်ဇာတိမှာပဲ နေရတဲ့အတွက် ထိခိုက်မှုမများဘူး။ သို့သော် တစ်နယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းတိုင်းအ တွက် နစ်နာမှုတော့ရှိပါတယ်။ အစ်မတို့ ပညာရေးဝန်ထမ်းဆိုတာကတော့ နားရက်လည်း တိတိကျကျမရှိတဲ့သူတွေ။ လိုသလိုခေါ်သုံးခံနေရတဲ့ ၀န် ထမ်းဘ၀မို့ အဲဒီပိတ်ရက်အပေါ် အထူးတလည် ခံစားချက်မရှိပါဘူး။ ဒီ အစီအစဉ်ကို အစိုးရက အသိပေးမှုဟာ အချိန်မလုံလောက်ပါဘူး။ သင်္ကြန်ရက်နယ်ပြန်ဖို့၊ ခရီးထွက်ဖို့ စီစဉ်ရတာ ဘယ်လောက်ခက်ခဲလဲ လူတိုင်းသိကြပါတယ်။ အဲဒီအတွက် သူတို့ဘက်က ဘယ်လိုတာဝန်ယူမှု တွေ လုပ်ထားပါတယ်ဆိုတဲ့ အချက်ကိုရော ထည့်ပြီးစဉ်းစားထားတာမျိုး ရှိစေချင်တယ်။ အစိုးရဘက်က ဘယ်လိုမျိုး ပြန်လည်ကူညီပေးနိုင်မလဲ။ ကားခဈေး ထိုးတက်တာကို ထိန်းညှိ ပေးနိုင်မလား၊ ထွက်မယ့်ကား အရေအတွက်များလာဖို့ ကူညီပေးနိုင်မလား။ အစိုးရနဲ့ လုပ်ငန်းရှင်တွေ ဘက်က ဒီလိုတာဝန်ယူမှုရှိမယ်ဆိုရင် ကြေညာချက်အပေါ် အထိုက်အလျောက်တော့ ကျေနပ်ကြမှာပါ။ ကျောင်းဆရာမ တွေတော့ သုံးလ ပိတ်တယ်ဆိုတာ တကယ်တော့ နွေရာသီသုံးလဆိုတာ ကလေးတွေကို ပိတ်ပေးတာပါ။ ဖေဖော်ဝါရီလမှာ အမှတ်ခြစ်သွားရတယ်။ ဆယ်တန်းစာမေးပွဲစောင့်ဖို့ အစည်းအဝေးတက်ရတယ်။ ဆယ်တန်း စောင့်ပြီးရင် ဆယ်တန်း coding သမားတွေသွားရတယ်။ coding မပါဘဲ ကျန်ခဲ့တဲ့ ဆရာမတွေက ကိုယ့်မူလ ကျောင်းကိုပြန်သွားပြီး အောင်စာရင်းတွေ လုပ်ရပါတယ်။ မီးဘေးလုံခြုံရေးအတွက် ဂျူတီလည်း အလှည့်ကျ စောင့်ရပါတယ်။ ဗုံးဂျူတီလည်း စောင့်ရပါသေးတယ်။ ဧပြီဆိုရင် ရွေးကောက်ပွဲရှိလို့ မဲရုံစောင့်ရတယ်။ ဆယ်တန်းအဖြေလွှာတွေ အမှတ်သွားခြစ်ရပါတယ်။ သင်္ကြန်ရက်ပြီးတဲ့အခါ ကျောင်းတွင်းအောင် စာရင်းတွေ ထုတ်ပြန်ရမယ်။ ကျောင်းကို တောက်လျှောက်ပြန်တက်ရပါပြီ။

ဦးမျိုးသူရအေး(ပြည်ပသို့ ဆန်တင်ပို့နေသော လုပ်ငန်းရှင်တစ်ဦး)

ပိတ်ရက်တွေ လျှော့လိုက်တာ စီးပွားရေးလုပ်ငန်းတွေအတွက် အ ဆင်ပြေလာတာပေါ့ဗျာ။ သင်္ကြန်မှာဆိုရင် ပိတ်ရက်က အရမ်းရှည်တော့ အလုပ်လုပ်လို့ မရဘူး။ ဟိုဘက်လုပ်ငန်းရှင်ကလည်း ကိုယ့်ကိုမစောင့် ဘူး။ အဲဒီတော့ လုပ်ငန်းတွေနောက်ကျတယ်။ စာချုပ်တွေ ချုပ်ထားတာ ဆိုရင် ခက်ခက်ခဲခဲကို ပြန်ညှိရတယ်။ ဟိုဘက်က တချို့လုပ်ငန်းရှင်တွေ ဆိုရင် ပိတ်ရက်တွေများလို့ အခက်အခဲတွေဖြစ်တယ်ဆိုပြီး အလုပ်တွဲ မလုပ်တာတွေတောင် ရှိတယ်။ ပြီးတော့ကုန်သွယ်ရေးမှာဆိုရင် သင်္ဘော တင်ရတဲ့ ပြဿနာတွေက အရမ်းကိုအခက်အခဲ ဖြစ်တယ်။ ပိတ်ရက်ရှည် တော့ ဒီဘက်က စာရွက်စာတမ်းတွေ လုပ်ရကိုင်ရခက်တာလည်း ပါ တယ်။ သင်္ဘောတွေနဲ့ ညှိရတာတွေလည်း ပြဿနာရှိတယ်။ သူတို့က အချိန်နဲ့တစ်ပြေးညီ လုပ်ရတာဆိုတော့ အတော်ဒုက္ခရောက်တယ်။ ဘဏ်ကိစ္စတွေမှာဆိုလည်း ပိတ်ရက်ရှည်လို့ ငွေလွှဲမရတဲ့ ပြဿနာတွေ၊ ဟိုဘက်က လွှဲလိုက်တဲ့ငွေ ပြန်မရောက်တဲ့ပြဿနာတွေက အတော့်ကို လုပ်ရကိုင်ရခက်တဲ့ အခြေအနေပါ။ နိုင်ငံခြားသား တွေက မြန်မာနိုင်ငံက ဧပြီဟာ အလုပ်လုပ်မရတဲ့ လတစ်လလို့ ပြောကြတယ်။ ပြီးတော့ ပိတ်ရက်ရှည်တော့ တစ်နိုင်ငံလုံးကို ခရီးတွေထွက်ကြ၊ ပြန်ကြအချိန်မှာ ပို့ဆောင်ဆယ်သွယ်ရေးက အရမ်းခက်ခဲတယ်။ သင်္ကြန်မှာ အများပိုင်ပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ ရထားကလည်း အထွက်လျှော့လိုက်တော့ ပိုဆိုးတာပေါ့။ အမှန်တကယ်ဖြစ်သင့်တာက အစိုးရဒီလိုပိတ်ရက် ရှည်ပေးတာထက် နိုင်ငံခြားမှာလို လုပ်ငန်းခွင်လုပ်သက်ခွင့်လိုမျိုးတွေယူပြီး ခရီးထွက်တာတွေ ရှိတယ်။ ဒါမျိုးပြောင်းနိုင်ရင် အကောင်းဆုံးပဲ။

ဦးအောင်ကျော်ကျော်ဦး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊

ရန်ကုန်တိုင်း၊ လှိုင်မြို့ နယ်)

ကျွန်တော်တို့ရုံးပိတ်ရက်တွေက နိုင်ငံတကာနဲ့ယှဉ်ရင် များနေ တယ်။ ဒါပေမဲ့ တခြားအခွင့်အရေးတွေကလည်း ပြည့်ပြည့်၀၀မရသေး တော့ အခုအချိန်တော့ မလုပ်သင့်သေးဘူး။ ဒီအစီအစဉ်ကိုအရင်ဆုံး ပြည်သူလူထုကို ချပြသင့်ပြီး သဘောထားတောင်းခံပြီးမှ ဆောင်ရွက်သင့် တာပါ။ အခုက ချက်ချင်းအနားကပ်ပြီးလုပ်တော့ အများစုက သဘော မကျကြဘူး။ ဒါက လူထုအစိုးရဖြစ်တယ်၊ အခုအနားကပ်ပြီးလုပ်တဲ့ပုံစံ က အရင်စနစ်လိုမျိုးပြန်ဖြစ်နေတာပေါ့။ နောက်ပိုင်းကျရင်တော့ လွှတ် တော်ကနေ ပြောမှာပေါ့။ တစ်ခုခုလုပ်ရင် ပြည်သူလူထု သဘောထားကို ရယူဖို့၊ နောက်ပြီးတော့ပွင့်လင်းမြင်သာအောင် ချပြဖို့၊ YBS တုန်းက လည်း အဲဒီလိုပဲ။ အဆောတလျင်လုပ်လိုက်တာ လူထုက အချိန်မရဘူး။ လက်ရှိကျွန်တော်တို့အစိုးရအနေနဲ့ အပြောင်းအလဲအတွက် ကြိုးစားပြီး တော့ ခက်ခက်ခဲခဲလုပ်နေရတယ်။ ဒါပေမဲ့ စီမံခန့်ခွဲမှုအပိုင်းတွေကိုတော့ ပြန်ပြီးတော့ သုံးသပ်သင့်တယ်။ အရင်ဗျူရိုကရေစီယန္တရားက ပုဂ္ဂိုလ်တွေကိုလည်း ကြပ်ကြပ်မတ်မတ် ကိုင်တွယ်သင့်တယ်။ နောက်တစ်ခုက သင်္ကြန်ပိတ်ရက်ဆို ရန်ကုန်ကနေ နယ်တွေပြန်တဲ့အခါ ကားလက်မှတ် တွေ ဘာတွေက အမြဲတမ်းအခက်အခဲဖြစ်နေတာတွေကို တိုင်းဒေသကြီး အစိုးရတွေရော၊ ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီးဌာနရောက စီစဉ်ပေးသင့်တယ်။ ဈေးနှုန်းကလည်း သုံးလေးဆတက်တာတွေရှိခဲ့တယ်။ ဒီနှစ်တော့ သူတို့စီစဉ်မယ်လို့တော့ပြောပါတယ်။

စိုင်းသူရမိုး (မော်လမြိုင်မြို့)

သင်္ကြန်ရုံးပိတ်ရက်ကို လျှော့ချလိုက်တာက ဘယ်လိုမှ အဆင်မပြေ ပါဘူး။ ၁၀ ရက်ဆိုတာတောင် ကားလက်မှတ်ဝယ်တာတွေ အခက်အခဲ ဖြစ်တာ။ အခု ငါးရက်လျှော့ချလိုက်တာ သွားဖို့လာဖို့ အခက်အခဲဖြစ်သွား မယ်။ ၀န်ထမ်းတွေ ရန်ကုန်ကနေ နယ်ကိုပြန်ရဖို့ အဆင်မပြေတော့ဘူး။ နယ်ကိုပြန်ကြတယ်ဆိုတာ သင်္ကြန်ကစားဖို့ အဓိကပြန်တာမဟုတ်ဘူး။ နယ်မှာရှိတဲ့ မိဘတွေဆီကို နှစ်ဦး၊ နှစ်သစ်မှာကန်တော့ဖို့ ပြန်ကြတော့ ကျွန်တော့်အနေနဲ့ သင်္ကြန်ပိတ်ရက် ငါးရက်ပိတ်တာ လုံးဝလက်မခံနိုင် ဘူး။ အစိုးရအနေနဲ့ သင်္ကြန်ရက်အရမ်းနီးကပ်မှ ပြည်သူတွေကို အသိ ပေးပြီး ပိတ်ရက်လျှော့ချလိုက်တာ မဖြစ်သင့်ဘူး။ ပြည်သူတွေဆီက သဘောဆန္ဒခံယူသင့်တယ်။ နောက်ပြီး တရားစခန်းဝင်မယ့်သူတွေလည်း အခက်အခဲဖြစ်မယ်။ နိုင်ငံတိုးတက်အောင်လုပ်မယ်ဆိုရင် အစိုးရအနေနဲ့ အဓိကနဲ့ သာမညကို ခွဲတတ်ဖို့ လိုတယ်။

ကိုဇော်ဇော်လတ် (ကော့သောင်းမြို့)

သင်္ကြန်ပိတ်ရက်နဲ့ပတ်သက်ပြီး အစိုးရကလိုအပ်တယ်ထင်ရင် အခုလို ရက်အပြောင်းအလဲဖြစ်တာ မပြောလိုပါဘူး။ ဒါပေမဲ့ ကြိုတင်မ စီစဉ်ထားတာရယ်၊ ၀န်ထမ်းတွေရဲ့ အခြေအနေကို ပြန်လှည့်မကြည့် သလို စီစဉ်နေတာကတော့ သဘောမကျဘူး။ အစိုးရက တကယ်ဆိုဝန် ထမ်းတွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို နှစ်လ၊ သုံးလ ကြိုပြောထား သင့်တယ်။ အခုက ဘယ်လိုစီမံစီမံ အောက်ခြေ၀န်ထမ်းတွေကတော့ လက်ခံရမှာပဲ။ ဒါပေမဲ့ ဒီယန္တရားကြီးကို အရင်ကတည်းက မပျော်သလို ဖြစ်နေတဲ့၊ မှေးပြီးလုပ်နေရတဲ့ အခြေအနေဖြစ်နေတဲ့ ၀န်ထမ်းအတော် များများဟာ အတော်စိတ်ပျက်သွားပြီး စွမ်းဆောင်ရည်မသွက်လက်တာ ဖြစ်လာလိမ့်မယ်။ ဒီလောက်ရက်က တိုင်းပြည်ကြီးတစ်ခုလုံး ချက်ချင်း ပြောင်း၊ မပြောင်းတော့မသိဘူး။ ပြည်သူတွေက အစိုးရဆိုတာကြီးကိုတော့ အခုချိန်မှာ တော်တော်မလိုချင် တော့တဲ့ သဘောပြနေကြပြီ။ ရုတ်တရက်အခုလို ကပ်လုပ်တာက အစိုးရကို ပြည်သူရော၊၀န်ထမ်းတွေ ရော အထင်အမြင်လွဲသွားစေနိုင်ပါတယ်။

ကိုပြည့်ဖြိုးကျော် (ပခုက္ကူမြို့)

စီမံခန့်ခွဲမှုအလွဲကြီးဗျ။ နိုင်ငံ့ဝန်ထမ်းအများစုက တစ်နယ်တစ်ကျေး မှာ တာဝန်ထမ်းဆောင်နေရာကနေ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလမှာ  ပဲ အိမ်ပြန်လာကြတာ၊ အခုလို ငါးရက်ပဲဆိုရင်တော့ မလောက်ငနိုင်ဘူး။ ပြီးတော့ ရုံးပိတ်ရက် ၁၀ ရက်တုန်းကတောင် ကားလက်မှတ်တွေ ၀ယ် ယူရခက်တာရှိပါတယ်။ အခုလို ငါးရက်ဆိုရင် ပိုဆိုးမှာပါ။ ပြီးတော့ ၀န်ကြီးဌာနတွေနဲ့ ရုံးချုပ်တွေရှိတဲ့ နေပြည်တော်က ပိုဆိုးပါလိမ့်မယ်။ နိုင်ငံရဲ့ ဒေသအသီးသီးကနေ လာရောက် တာဝန်ထမ်းဆောင်နေကြတာ ဆိုတော့ ဒီပိတ်ရက်ကလေးမှာတော့ သူတို့ဇာတိကို ပြန်ချင်ကြပါလိမ့် မယ်။ တခြားဝန်ထမ်းတွေကလည်း ထို့အတူပါပဲ။ ကိုယ့်ဒေသကိုစွန့်ခွာ ပြီး တာဝန်ကျရာနေရာတွေမှာ သွားရောက်ထမ်းဆောင်နေကြရတာပါ။ ဒါ့အတွက် အစိုးရအနေနဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတစ်ခု ပြန်ပြီးစဉ်းစားသင့်ပါတယ်။

ဒေါက်တာမောင်မောင်လေး (ဒုဥက္ကဋ္ဌ -UMFCCI)

ပိတ်ရက်တွေ လျှော့လိုက်တာ စီးပွားရေးအတွက် အလားအလာ ကောင်းတစ်ခုပါပဲ။ ဒီပိတ်ရက်တွေမှာက ပို့ကုန်သမားတွေ အတော် ပြဿနာဖြစ်ရတယ်။ ကုန်ပစ္စည်းတွေ အချိန်မီမပို့နိုင်လို့ ဟိုဘက်က ၀ယ်သူနဲ့ညှိနှိုင်းရတာ ပြဿနာ။ ဟိုဘက်ငွေလွှဲတာ ထုတ်မရတဲ့ပြဿနာ။ ဒါတွေက ရုံးပိတ်ရက် ၁၀ ရက်ပြောင်းပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်း ရှင်အများစု ဒုက္ခရောက်ခဲ့ရတယ်။ သွင်းကုန်သမားတွေအတွက် ကြိုတင် ပြင်ဆင်ထားလို့ ရပေမယ့် ပို့ကုန်သမားအတွက် ဒီသင်္ကြန်ပိတ်ရက်တွေ က အဓိကစိန်ခေါ်မှုပဲ။ နိုင်ငံခြားသားလုပ်ငန်းရှင်တွေကလည်း ဒီလိုရက် ရှည်ပိတ်ရက်ကို မကြိုက်ဘူး။ လုပ်ငန်းလုပ်မရတဲ့အတွက် သူတို့က မကြိုက်ကြဘူး။ ပြီးတော့ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးလာရင် အခုလို ပိတ်ရက်များနေရင် ဆုံးရှုံးမှုက ပိုကြီးလာမယ်။ အစုရှယ်ယာတွေက အချိန်ပိုင်းအတွင်း ဈေးနှုန်းအတက်အကျ  ဖြစ်နေတာ။ ပိတ်ရက်များရင် တန်ဖိုးတွေ အကုန်ကျနိုင်တယ်။

ကိုနေမျိုးလင်း (BBC သတင်းဌာန၊ မန္တလေးမြို့)

အစိုးရသတ်မှတ်တာကို မကြိုက်လည်း လက်မခံလို့ ဘာမှ တုံ့ပြန် လို့မှမရတာ။ လက်ခံရမှာပါပဲ။ ပြည်သူတွေအပေါ် အသိပေးမှုက အချိန် မလုံလောက်ပါဘူး။ အနားကပ်တစ်လမှ အစိုးရသဘောနဲ့လုပ်တာမဖြစ် ပါဘူး။ သတ်မှတ်ပြီးပြီဆိုတော့ ခရီးသွားဖို့စီစဉ်ထားတဲ့ ၀န်ထမ်းတွေအ တွက် အဆင်ပြေအောင် လုပ်ပေးရမှာ အစိုးရတာဝန်ပါပဲ။ ဒီရက်တွေမှာ ကားလိုင်းတွေကို ပုံမှန်ထက်ပိုပြေးဆွဲသင့်ပါတယ်။ ကားလက်မှတ် ဈေး ပိုတောင်းတဲ့ ဂိတ်တွေကိစ္စ အစိုးရဖြေရှင်းပေးဖို့တာဝန်ရှိပါတယ်။

မသက်သက်ငြိမ်း (Mandalay FM)

သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်ကနေ ငါးရက်ပြောင်းသတ်မှတ်တာဟာ တစ်ဦးတည်းအမြင်ပြောရရင် ဘယ်လိုမှမနေဘူး။ ဘာလို့လဲဆိုတော့ ကိုယ်လုပ်နေတဲ့အလုပ်က သတင်းမီဒီယာအလုပ်ဖြစ်နေတဲ့အတွက် ပိတ်ရက်ဖွင့်ရက်နားရက် စိတ်ထဲသိပ်မရှိဘူး။ ဒါပေမဲ့ အဝေးမှာ တာဝန် ထမ်းဆောင်နေရတဲ့ အလုပ်လုပ်နေရသူတွေအတွက်ကတော့ မိသားစု ဆီပြန်ဖို့ အခက်အခဲဖြစ်စေပါတယ်။ ပြည်သူကိုအသိပေးမှုကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ လွန်ခဲ့ တဲ့ သုံးလေးရက်လောက်က status တွေအရ ဟောပြောင်းပြီ၊ ဟော မ ပြောင်းတော့ဘူး။ အခုသေချာသွားပြီဆိုပြီးဖြစ်တော့ တိုတောင်းတယ်ပဲ ပြောရမှာပေါ့။ အိမ်ပြန်မယ့် အဝေးကသူတွေတော့ အခက်အခဲဖြစ်မယ် ထင်တယ်။ ၀န်ထမ်းဆိုတာ သူလုပ်နေတဲ့ အလုပ်ကို မစွန့်ခွာနိုင်သရွေ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းအမိန့်ကတော့ လိုက်နာနေရမှာပါပဲ။

ဒေါ်စံပယ်အောင် (မန်နေဂျင်းဒါရိုက်တာ၊ Nature Dream ခရီးသွား လုပ်ငန်း)

ရုံးပိတ်ရက်တွေ လျှော့ချလိုက်တာက တရားဝင်ကြေညာချက် ထွက်လာပြီဆိုတော့လည်း လုပ်ငန်းတွေကို အဆင်ပြေအောင် လုပ် သွားရမှာပေါ့။ ပထမဆုံးနှစ်မှာတော့ ဒီကိစ္စက လူတိုင်းစိတ်ဝင်စားတဲ့ ခေါင်းစဉ်ဖြစ်နေတော့ ထောက်ခံတာရော၊ ဆန့်ကျင်တာရော အဆင်ပြေ တာတွေရော၊ မပြေတာရော အသံတွေထွက်နေမှာပဲ။ နောက်နှစ်တွေဆို ရင်တော့ တည်ငြိမ်သွားမှာပါ။ နားရက်လျော့သွားတယ်ဆိုပေမယ့် ကျန် တဲ့ပိတ်ရက်တွေမှာ ပြန်ပြီးတော့ ထည့်ပေးထားတဲ့အတွက် နောက်ပိုင်း မှာ အဆင်ပြေသွားပါလိမ့်မယ်။ ခရီးသွားလုပ်ငန်းတွေမှာ အခက်အခဲ ရှိတာတွေလည်း ရှိမှာပါ။ ၀န်ထမ်းတွေက နိုင်ငံခြားကိုပြန်ဖို့ ပိတ်ရက်ကို ခွင့်ယူထားတာ၊ စီစဉ်ထားတာ၊ လေယာဉ်လက်မှတ်ဝယ်ထားတာ၊ပြည်ပခရီးစဉ်သွားမယ့်လူတွေ လေယာဉ်လက်မှတ်ဖြတ်ထားတာ၊ စီစဉ်ထားတာတွေ ရှိမှာပေါ့။ ဒါတွေအားလုံးက အဆင်မပြေဘူး။ အခက်အခဲတွေ တွေ့ကြတာပေါ့။ ပထမနှစ်မှာ ဒါတွေကြုံမှာပဲ။ တချို့ Outbound ခရီးသွားလုပ်ငန်းတွေဆိုရင်လည်း လေကြောင်းလိုင်းကနေ သင်္ကြန်ပိတ်ရက်ရှည်တွေကို ကြိုတင်ငွေတွေပေးထားပြီးတော့ အစောင်ရေများစွာ ၀ယ် ပြီးရောင်းနေရတဲ့ လူတွေရှိတယ်။ ဒါတွေဆို တော်တော်လေး နစ်နာဖို့ တော့ရှိတာပေါ့။ ခရီးသွားလုပ်ငန်းက နမူနာပေါ့။ ကျန်တဲ့လုပ်ငန်း ဆောင်တာတွေမှာလည်း အလားတူ အခက်အခဲတွေ အများကြီးရှိကြမှာပဲ။

No comments:

Powered by Blogger.