Header Ads

Breaking News
recent

ဦးခေါင်းကို ဝက်အူလှည့်ဖြင့်ထိုးပြီး လူသတ်ခဲ့ကြောင်း ထိုင်းရဲအရာရှိသား ဝန်ခံ




ထိုင်းနိုင်ငံ ဖက်ချဘူရီနယ်၊ ချာအမ်းခရိုင်မှာ ပြီးခဲ့တဲ့လကုန်ပိုင်းက ဖြစ်ခဲ့တဲ့ Silpakorn တက္ကသိုလ်က ကျောင်းသားတဦး အသတ်ခံရမှုမှာ ဦးခေါင်းကို ဝက်အူလှည့်နဲ့ ထိုးသတ်ခဲ့တာဖြစ်ကြောင်း ဒု-ရဲစခန်းမှူးတဦးရဲ့ သားက ဝန်ခံလိုက်တယ်လို့ မတ်လ ၁၄ ရက်နေ့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
ဒီအမှုကို တိုင်းရာဇဝတ်မှုနှိမ်နင်းရေး (စီအက်စ်ဒီ) က ကိုင်တွယ်ခဲ့တာဖြစ်ပြီး သံသယရှိသူ အယောက် ၂၀ လောက်ကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။
ဘန်ကောက်မြို့မှာရှိတဲ့ စီအက်စ်ဒီဌာနမှာ မတ် ၁၄ ရက်နေ့က အမျိုးသမီး ၂ ဦး အပါအဝင် အသက် ၁၈ နှစ်မှ ၂၇ နှစ်အရွယ် သံသယရှိသူ ၁၆ ဦးကို စစ်ဆေးစဉ် လူသတ်မှုကို ကျူးလွန်သူက ဝန်ခံခဲ့တာလို့ ဆိုပါတယ်။
အသတ်ခံရသူ အသက် ၂၄ နှစ်အရွယ် တီရာပွန်းသီတာသန်က Silpakorn တက္ကသိုလ်က စတုတ္တနှစ် ကျောင်းသားတဦးဖြစ်တယ်လို့ သိရပြီး လူသတ်မှု သံသယရှိသူတွေက ရဲအရာရှိတွေ၊ နိုင်ငံရေးသမားတွေနဲ့ ဆက်စပ်နေတာကြောင့် အသတ်ခံရသူရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက ကြောက်ရွံ့နေလို့ ဒီအမှုကို ဒေသခံရဲတွေရဲ့ လက်ထဲကနေ စီအက်ဒီက လွှဲပြောင်းယူထားတယ်လို့ သိရပါတယ်။
သတင်းရင်းမြစ်တခုရဲ့ ပြောကြားချက်အရ လူသတ်မှုကျူးလွန်သူ ကာလဆင်နယ် ဒု-စခန်းမှူးရဲ့သား ဘရိုက်လို့ လူသိများတဲ့ ဒီချာသွန်မန်မာနီး (၂၁ နှစ်) ဟာ အသတ်ခံရသူရဲ့ ဦးခေါင်းကို ဝက်အူလှည့်နဲ့ ထိုးခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
သတ်ခဲ့ရတဲ့အကြောင်းရင်းက သံသယရှိသူတွေထဲက တဦးဖြစ်တဲ့ အသတ်ခံရသူရဲ့ သူငယ်ချင်းလည်းဖြစ်သူ ဒီချာသွန်ရဲ့ရည်းစား ကောင်မလေးနဲ့နဲ့ပတ်သက်ပြီး ရန်ဖြစ်ရာကနေ လူသတ်မှု ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။
သံသယရှိသူတွေထဲက တဦးက အသတ်ခံရသူကို ဝက်အူလှည့်သုံးပြီး သတ်ခဲ့တယ်လို့ ပြောခဲ့တဲ့အတွက် သံသယရှိသူအားလုံးကို ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေမှုနဲ့ တရားမဝင် စုဝေးမှုတွေနဲ့ တရားစွဲခဲ့တယ်လို့ နိုင်ငံအဆင့် ဒု-ရဲချုပ်ကြီးက ပြောပါတယ်။
သံသယရှိသူတွေက ဘယ်သူတွေနဲ့ ဆက်စပ်မှုရှိရှိ တရားဥပဒေအတိုင်း အမှုရင်ဆိုင်သွားရမယ်လို့ ဒု-ရဲချုပ်က ထပ်ပြောလိုက်ပါတယ်။
သံသယရှိသူ ၁၆ ဦးကို မတ်လ ၁၄  ရက်နေ့က ဘန်ကောက်ကို ပို့ဆောင်လိုက်ပြီး နောက်ထပ် ၃ ဦးလည်း ပါဝင်ပတ်သက်နေသေးတယ်၊ အဲ့ဒီအထဲက တဦးက ဒေသဆိုင်ရာ နိုင်ငံရေးသမားတဦးရဲ့ ဆွေမျိုးဖြစ်နေတယ်လို့ စီအက်စ်ဒီ အရာရှိတဦးက ပြောပါတယ်။ သူတို့ကို တရားဝင်အမှုစွဲဆိုနိုင်ဖို့ ရဲတွေက သက်သေတွေ စုဆောင်းနေတယ်လို့လည်း သိရပါတယ်။
လူသတ်မှုကျူးလွန်သူတွေက အသတ်ခံရသူနဲ့ သူ့ရဲ့သူငယ်ချင်းတွေကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၁ နာရီခွဲလောက်က ချာအမ်းမှာရှိတဲ့ အဆောင်မှာ ရန်ဖြစ်ထိုးကြိတ်ရင်း သတ်ခဲ့ကြတာလို့ ဆိုပါတယ်။
သေဆုံးသူရဲ့ ညာဘက်နားပေါ်ကို ဝက်အူလှည့်နဲ့ ထိုးသွင်းခဲ့တာဖြစ်ပြီး အဲ့ဒါက ဦးနှောက်ကို အလွယ်တကူ ထိခိုက်ပျက်စီးနိုင်တယ်လို့လည်း ဆိုပါတယ်။
သေဆုံးသူဟာ ခန္ဓာကိုယ်ပေါ်အနှံ့ ဒဏ်ရာအများအပြား ရရှိခဲ့ပေမယ့် ဝက်အူလှည့်ဒဏ်ရာကြောင့် သေဆုံးခဲ့ရတာလို့ မှုခင်းဆရာဝန်က ပြောပါတယ်။
ဒီအခင်းဖြစ်ပွားမှုကြောင့် တခြားကျောင်းသား ၂ ဦးလည်း ဒဏ်ရာအပြင်းအထန်ရတယ်လို့ သိရပါတယ်။
ရဲတွေက သံသယရှိသူတွေကို တရားရုံး ခေါ်ဆောင်ခဲ့ပြီး လူသတ်မှုကျူးလွန်သူ ဒီချာသွန်ရဲ့ အယူခံကိုတော့ ပယ်ချခဲ့ပါတယ်။


တခြားသံသယရှိသူတွေကို သူတို့အနေနဲ့ မျက်မြင်တွေ၊ သက်ခံပစ္စည်းတွေနဲ့ ဝေးဝေးနေရမယ်ဆိုတဲ့ အခြေအနေနဲ့ တဦးစီကို ဘတ်ငွေ ၇ သိန်း အာမခံနဲ့ လွှတ်ပေးထားတယ်လို့ သိရပါတယ်။

No comments:

Powered by Blogger.