Header Ads

Breaking News
recent

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည်ဟု ယုံကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီး ပြော




မလေးရှားနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ အပြည့်အဝယုံကြည်ကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီးက မတ်လ ၁၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ကင်ဂျုံနမ် အသတ်ခံရမှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံသား ၈ ဦးကို မလေးရှားအစိုးရက အလိုရှိနေပြီး အဲဒီအထဲက ၃ ဦးဟာ အခုချိန်ထိ ကွာလာလမ်ပူမှာ ရှိနေပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မလေးရှားကာကွယ်ရေးဝန်ကြီးက “အချိန်ရောက်လာတဲ့အခါ အဲ့ဒီကိစ္စတွေကို ကျနော်တို့ ကိုင်တွယ် ဆောင်ရွက်မှာပါ။ ဒါပေမယ့် ကျနော်တို့ဟာ ကျနော်တို့ရဲ့ ရှာဖွေတွေ့ရှိမှုပေါ်မှာ မူတည်ပြီးတော့ပဲ ကိစ္စအားလုံးကို ကိုင်တွယ်ဖြေရှင်းပါမယ်။ ကျနော်တို့မှာ အရင်းနှီးဆုံး မိတ်ဆွေတွေရှိသလို နိုင်ငံပေါင်းစုံနဲ့လည်း ဆက်ဆံရေးရှိနေပါတယ်။ ဥပမာအားဖြင့် MH370 လေယဉ်ပျက်ကျတုန်းကလိုပေါ့။ ပျောက်သွားတဲ့လေယဉ်ကို ရှာဖွေဖို့ ကျနော်တို့မှာ လုံလောက်တဲ့ ပစ္စည်းကိရိယာ မရှိပေမယ့် နိုင်ငံပေါင်း ၂၆ ခုကနေ ခေတ်မီပစ္စည်းကိရိယာတွေ ကူညီပေးခဲ့ပါတယ်” လို့ ရှင်းပြသွားပါတယ်။
ပြုံယမ်းမြို့မှာ သောင်တင်နေတဲ့ မလေးရှားနိုင်ငံသား ၉ ဦး နေရပ်ပြန်ခွင့်ရရှိရေးအတွက် မြောက်ကိုရီးယား အာဏာပိုင်တွေနဲ့ စကားပြောမယ်လို့ မလေးရှားအစိုးရက တရားဝင်ကြေညာခဲ့ပြီး သိပ်မကြာခင်မှာ မလေးရှားကာကွယ်ရေးဝန်ကြီးက အခုလို ပြောကြားလိုက်တာဖြစ်တယ်လို့ ကွာလာလမ်ပူက ပေးပို့တဲ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Powered by Blogger.