ဦးချိုကိုလိုချင်သည့်အတွက် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ကြံ့ (ရုပ်သံ)
ြ
ပင်သစ်နိုင်ငံမှ တိရစ္ဆာန်ဥယျာဉ်တခုအတွင်းမှာ ကြံ့တကောင်ဟာ မှောင်ခိုသေနတ်သမားတွေရဲ့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်။
သွိုင်ရီတိရစ္ဆာန်ဥယျာဉ်ထဲမှာ အသက် ၄ နှစ်အရွယ် ဗင့်စ်အမည်ရတဲ့ ကြံ့ဖြူလေး သေဆုံးနေတာကို တာဝန်ရှိသူတွေက မတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ တွေ့ရှိခဲ့ကြတာပါ။
သူ့ရဲ့ ဦးချို ၂ ဘက်ထဲက တဘက်ဟာ လွှနဲ့တိုက်ဖြတ်ပြီး ယူဆောင်သွားခဲ့တာကို တွေ့ခဲ့ရတယ်လို့ ရဲတွေက ပြောပါတယ်။
အာဖရိကကြံ့တွေရဲ့ ဦးချိုတွေဟာ မှောင်ခိုဈေးကွက်မှာ ဈေးနှုန်းမြင့်မြင့်မားမား ရရှိနေတာကြောင့် လစဉ် တောတွင်းမှ ကြံ့ကောင်ရေ ၁၀၀ လောက် အသတ်ခံနေကြရတယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ဒါပေမယ့် တိရစ္ဆာန်ဥယျာဉ်တွင်းမှာ ထိန်းသိမ်းထားတဲ့ ကြံ့ကို သတ်ဖြတ်ခံရမှုကတော့ ဒါ ပထမဆုံး ဖြစ်နိုင်ပါတယ်။
ညပိုင်းမှာ ဥယျာဉ်တွင်း ခိုးဝင်လာတဲ့ မှောင်ခိုသမားတွေက ကြံ့ကလေး ဗင့်စ်ရဲ့ ဦးခေါင်းကို သေနတ်နဲ့ ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး သေဆုံးသွားပြီးနောက်မှာ ဦးချိုကို ဖြတ်ပြီး ယူသွားခဲ့ကြတာပါ။
ကြံ့တကောင်ရဲ့ ဦးချို ၁ ကီလိုဂရမ်ဟာ အမေရိကန်ဒေါ်လာ ၆ သောင်းဈေး ရရှိတယ်လို့ သတင်းက ဆိုပါတယ်။
အဲဒီ မှောင်ခိုသမားတွေဟာ ပြဿနာတစုံတရာရှိတာမို့ ဦးချိုနောက်တဘက်ကို မဖြတ်နိုင်ခဲ့ဘဲ ချန်ထားခဲ့တာ ဖြစ်နိုင်ပါတယ်။
ဥယျာဉ်တွင်းမှ တခြား ကြံ့ဖြူတွေဖြစ်ကြတဲ့ အသက် ၃၇ နှစ်အရွယ် ဂရေဆီနဲ့ ၅ နှစ်အရွယ် ဘရူနိုတို့ကတော့ လွတ်မြောက်သွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။
ကြံ့ဖြူတွေဟာ ၁၉ ရာစုနှောင်းပိုင်းမှာ ကောင်ရေ ၂ သောင်းလောက်သာ ကျန်ရှိတော့တာမို့ ကာကွယ်ထိန်းသိမ်းရမယ့် ရှားပါးစာရင်းဝင် ဖြစ်လာခဲ့တာပါ။
ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဈေးကွက်လိုအပ်ချက် မြင့်မားလာခဲ့တာမို့ ခုလို ခိုးပြီး သတ်ဖြတ်မှုတွေ မြင့်တက်နေခဲ့တာပါ။
ပြင်သစ်နိုင်ငံမှာ ဆင်စွယ်နဲ့ တိရစ္ဆာန်ဦးချိုတွေ ကုန်သွယ်မှုကို ပြီးခဲ့တဲ့နှစ်ကမှ ဥပဒေထုတ်ပြီး တရားဝင် တားမြစ်ထားတာ ဖြစ်ပါတယ်။
No comments: