Header Ads

Breaking News
recent

လန်ဒန်မြို့လယ်ခေါင် အကြမ်းဖက်တိုက်ခိုက်မှု ၅ ဦးသေ၊ ၄၀ ဒဏ်ရာရ





ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့လယ်က ပါလီမန်အဆောက်အဦ တွေနားမှာ မနေ့က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားလို့  ရဲတပ်ဖွဲ့ဝင် ၁ဦးအပါအ၀င် လူ ၅ ဦးသေဆုံးကာ အနည်းဆုံး ၄၀ လောက်ဒဏ်ရာရသွားပါတယ်။
အကြမ်းဖက်သမားဟာ လွှတ်တော်အဆောက်အဦအနီး ရဲအရာရှိတဦးကို ဓားနဲ့ ၀င်ထိုးပြီး လူအုပ်စုကြားကို ကားနဲ့ ၀င်တိုက်ခဲ့တာပါ။
ဗြိတိန်ထောက်လှမ်းရေးတပ်ဖွဲ့ကတော့ ဒီတိုက်ခိုက်မှုကို အိုင်အက်စ်တွေရဲ့ အ ကြမ်းဖက်တိုက်ခိုက်မှုလို့ သတ်မှတ်ပြီး အထူးစုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ လန်ဒန်မြို့တော် ရဲတပ်ဖွဲ့က ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကတော့ ဒီတိုက်ခိုက်မှုကို “စက်ဆုပ်စရာကောင်းတဲ့ တိုက်ခိုက်မှု” တခုလို့ ရှုတ်ချလိုက်ပြီး ဒါဟာ လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ တန်ဖိုးစံတွေကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။
အသက် ၄၈ နှစ်အရွယ်ရဲအရာရှိ ကိသ်ပမ်လ်မာကတော့ အကြမ်းဖက်သမားရဲ့ ဓားထိုးတိုက်ခိုက်မှုကြောင့် နေရာတင်သေဆုံးသွားခဲ့ပြီး တခြားလမ်းသွား လမ်းလာတွေကတော့ ၀က်စ်မင်စတာတံတားပေါ်မှာ အကြမ်းဖက်ကားတိုက်ခံရပြီး သေဆုံးသွားခဲ့ရတာပါ။
တိုက်ခိုက်သူကိုတော့ ရဲတပ်ဖွဲ့က အသေပစ်သတ်လိုက်ပြီး သူဟာ ဘယ်သူဘယ် ၀ါဖြစ်တယ်ဆိုတာကို ရဲတပ်ဖွဲ့က ခွဲခြားသိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဘီဘီစီသတင်းထောက်တဦးကတော့ တံတားပေါ်မှာ လူတွေကို လိုက်တိုက်ခဲ့တဲ့ ကားထဲမှာ လူ ၂ ဦးလိုက်ပါလာတယ်လို့ ပြောပါတယ်။
လန်ဒန်မြို့တော် ရဲမှူးကြီးကတော့ အများအပြား ထိခိုက်ဒဏ်ရာရကြပြီး သေဆုံးသူစာရင်းကို အတိအကျမပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
လန်ဒန်မြို့တော်အရေးပေါ်လူနာတင်ယာဉ်ဌာနကတော့ ၀က်စ်မင်စတာတံတား ပေါ်မှာ ဒဏ်ရာရသူ အနည်းဆုံး ၁၀ ယောက်ကို အရေးပေါ်ဆေးကုသမှုတွေ ပေးခဲ့ရတယ်လို့ ပြောပါတယ်။
ကားတိုက်ခံရပြီး သိမ်းမြစ်ထဲ ကျသွားပြီး ဒဏ်ရာအပြင်းအထန်ရရှိသွားတဲ့ အမျိုး သမီးတဦးကိုလည်း အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့တယ်လို့ မြို့တော်အာဏာပိုင်တွေက ဆိုပါတယ်။
ဗြိတိန်ရဲတပ်ဖွဲ့က ဒါဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယူဆပါတယ်။
ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့နှစ်က ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်မှာ အကြမ်း ဖက်ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး တနှစ်ပြည့်တဲ့နေ့မှာပဲ ဖြစ်ပွားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုဟာ ၂၀၀၅-ခုနစ် ဇူလိုင်လ ၇ ရက်နေ့က လူ ၅၂- ဦး သေဆုံးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပြီး လန်ဒန်မှာ လူသေဆုံးထိခိုက်မှု အများဆုံး အကြမ်းဖက်မှုဖြစ်ကြောင်း စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။

No comments:

Powered by Blogger.