Header Ads

Breaking News
recent

အန်အယ်လ်ဒီအမတ်များ မာန်မတက်ရန် ဦးဝင်းထိန် သတိပေး




လွှတ်တော်ကိုယ်စားလှယ်တွေ မာန်တက်မနေဖို့နဲ့ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။
“ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြည်ထောင်စုအဆင့်ဆိုပြီး မာန်တက်နေလို့ မရဘူး။ ကျနော် နယ်အသီးသီးကို ရောက်ခဲ့တယ်။ မတွေ့တာကြာတော့ အစိုးရရယ်၊ လွှတ်တော်ရယ်၊ ဒေသဆိုင်ရာ ပါတီအသီးသီးက သူတွေရယ် အညီအမျှဖြစ်ပြီးတော့မှ ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ရင် ပိုအောင်မြင်မှာမို့လို့ အဲလိုဖြစ်အောင်လုပ်ခဲ့တယ်” လို့ ဦးဝင်းထိန်က ပြောပါတယ်။
မတ် ၁၅ ရက်က နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိခန်းမဆောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံအပြီး ဦးဝင်းထိန်က ပြောခဲ့တာပါ။
အဲဒီတွေ့ဆုံမှုမှာ လွှတ်တော်ဥက္ကဋ္ဌတွေကလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးနဲ့ ကိုယ်စားလှယ်တွေ မိမိ မဲဆန္ဒနယ်သို့ လွှတ်တော်ပိတ်ရက် ပြန်လည်ရောက်ရှိနေချိန်အတွင်း ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ဖို့ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “နီးစပ်ရာ ဒေသတွေက ကိုယ်စားလှယ်တွေရဲ့ ရွေးကောက်ပွဲကို အောင်နိုင်ဖို့အတွက် အစွမ်းကုန် ဆောင်ရွက်ဖို့အတွက် ပြောတယ်။ ကိုယ့်ဒေသတွေကို ပြန်သွားရင် လယ်ယာမြေ စိစစ်ရေးနဲ့ ပတ်သက်လို့ မြေယာပြဿနာတွေ ပါဝင်ဆောင်ရွက်ပေးဖို့ ကိစ္စတွေ၊ ဒီလွှတ်တော်ကာလအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို အားရတယ် ကျေနပ်တယ်” လို့ ပြောပါတယ်။
မော်လမြိုင်မြို့၊ ချောင်းဆုံမြို့နယ်မှာ သံလွင်မြစ်ဖြတ်ကူးတံတား အမည်ပေးမှုဟာ ပြည်သူတွေအကြား ပြောဆိုဝေဖန်မှု၊ ပြစ်တင်မှုတွေ ရှိနေပေမယ့် လွှတ်တော်အတွင်းမှာ အမည်အတည်ပြုနိုင်ခဲ့တဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ချောင်းဆုံဒေသမှာ အနိုင်ရရှိဖို့ အစွမ်းကုန်ဆောင်ရွက်ကြဖို့ကို တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။


No comments:

Powered by Blogger.