ပါရီတွင် တရုတ်အမျိုးသားတဦး ပစ်သတ်ခံရအပြီး တင်းမာမှုဖြစ်ပွား
ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ တရုတ်အမျိုးသားတဦး ပြင်သစ်ရဲတပ်ဖွဲ့ဝင်တဦးရဲ့ ပစ်သတ်ခံရအပြီး ရဲနဲ့ တရုတ်တွေကြား တင်းမာမှုတွေ ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၇ ရက် ညက ပါရီမြို့တော် ခရိုင်ရဲစခန်းတခုရှေ့မှာ ဆန္ဒပြကြတဲ့ တရုတ် အယောက် ၁၅၀ လောက်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့သလို ဆန္ဒပြသူ အနည်းဆုံး ၃၅ ဦးလည်း ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။
မတ် ၂၆ ရက်နေ့က တရုတ်မိသားစုတစုအတွင်း ပြဿနာတက်လို့ ရဲက သွားရောက်ဖြေရှင်းတာမှာ တရုတ်အမျိုးသားက ရဲကို တိုက်ခိုက်တယ်ဆိုပြီး ပစ်သတ်လိုက်တာပါ။
ရဲတပ်ဖွဲ့က ပြောဆိုတာမှာတော့ အသက် ၅၆ နှစ်အရွယ် တရုတ်အမျိုးသားက ရဲအရာရှိကို ချွန်ထက်တဲ့အရာနဲ့ တိုက်ခိုက်ခဲ့လို့ နောက်ရဲအရာရှိတဦးက ပစ်သတ်လိုက်တယ်လို့ ပြောဆိုပေမယ့် တရုတ်မိသားစုရှေ့နေကတော့ ဒါကို ငြင်းဆန်ပါတယ်။
ဒီဖြစ်ရပ်ကို အပြည့်အဝ စုံစမ်းစစ်ဆေးပေးဖို့နဲ့ တရုတ်နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။
ပြင်သစ်နိုင်ငံမှာ တရုတ်လူမျိုး ၆ သိန်းကျော် နေထိုင်နေကြပြီး ဥရောပနိုင်ငံတွေထဲမှာ တရုတ်လူမျိုး အများဆုံးနေထိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။
မတ် ၂၇ ရက် ညက ပြင်သစ်ရဲစခန်းရှေ့ သွားရောက်ဆန္ဒပြသူ ၁၅၀ လောက်ဟာ ပြင်သစ်ရဲတွေကို လူသတ်သမားတွေလို့ အော်ဟစ်ပြစ်တင်ခဲ့ကြပါတယ်။
No comments: