မွန်တီနီဂရိုးနိုင်ငံကို နေတိုးအဖွဲ့ဝင်သစ်အဖြစ် အမေရိကန်လွှတ်တော် အတည်ပြု
ယူဂိုဆလားဗီးယားနိုင်ငံဟောင်းကနေ ခွဲထွက်ခဲ့တဲ့ မွန်တီနီဂရိုး နိုင်ငံငယ်လေးကို နေတိုးအဖွဲ့ဝင်သစ်အဖြစ် အမေရိကန် အထက်လွှတ်တော်က မတ်လ ၂၈ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုပေးလိုက်ပါတယ်။
အဲ့ဒီကိစ္စ အထက်လွှတ်တော်မှာ မဲခွဲရာ ထောက်ခံမဲ ၉၇ မဲနဲ့ ကန့်ကွက်မဲ ၂ မဲသာ ရှိခဲ့ပါတယ်။
ထောက်ခံမဲ ၆၀ ရရုံနဲ့ နေတိုးအဖွဲ့ဝင် ဖြစ်နိုင်တာမို့ ဒါဟာ လုံလောက်တာထက် အများကြီး ပိုနေပါတယ်။
ကန့်ကွက်ခဲ့သူ နှစ်ဦးကတော့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်နှစ်ဦး ဖြစ်ပါတယ်။
အဲ့ဒီ လွှတ်တော်အမတ်နှစ်ဦးက “လူဦးရေ ၆ သိန်းကျော်သာရှိတဲ့ ဒီနိုင်ငံလေးကို တခြားနိုင်ငံကြီးတခုက ဝင်တိုက်ခဲ့ရင် နေတိုးအင်အားကြီး အမေရိကန်က ပြည်သူတွေရဲ့ အခွန်ငွေကို စစ်စားရိတ်အဖြစ်သုံးပြီး ကူညီရလိမ့်မယ်” လို့ ထောက်ပြဝေဖန်ပါတယ်။
ထောက်ခံသူ လွှတ်တော်အမတ်တွေကတော့ အမေရိကန်အနေနဲ့ ဆင်းရဲတဲ့ အရှေ့ဥရောပနိုင်ငံလေးတွေကို ရုရှားရဲ့ကျူးကျော်မှုကို ဆန့်ကျင်ပြီး ဒီမိုကရေစီ စံတန်ဖိုးတွေ မျှဝေပေးရမယ်လို့ ပြောဆိုကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
No comments: