Header Ads

Breaking News
recent

စစ်သုံးစရိတ်နဲ့ အိန္ဒိယ မြန်မာ ရေတပ် ဆက်ဆံရေး


မြန်မာအစိုးရက ၂ဝ၁၇ ခုနှစ်အတွက် စစ်ရေးအသုံးစရိတ်အဖြစ် အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၁၄ဝ နဲ့ ညီမျှတဲ့ ကျပ်ငွေ ၂.၉၁ တရီလီယံ ခွင့်ပြုဖို့ အဆိုပြုထားကြောင်း Jane’s ဂျိန်းစ် ကာကွယ်ရေးသတင်းဌာန က ပြောပါတယ်။
ဒါဟာ အစိုးရသုံးစွဲငွေစုစုပေါင်းရဲ့ ၁၄% ရှိပြီး ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုးရဲ့ ၃% ဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂ဝ၁၇ ခုနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက မူလတောင်းခံခဲ့တဲ့ ငွေပမာဏက ကျပ်ငွေ ၃.၉ တရီလီယံ ရှိတဲ့အတွက် ဒါဟာ NLD အစိုးရက အများအပြားလျှော့ချလိုက်တာပါ။  ၂ဝ၁၆ ခုနှစ်အတွက် စစ်တပ်အသုံး စရိတ်ကိုတော့ USDP ကြံ့ခိုင်ရေးပါတီ အာဏာရစဉ်က အတည်ပြုခဲ့တာဖြစ်တယ်လို့ လန်ဒန်က ဒီနေ့လာတဲ့ ဂျိန်းစ် ကာကွယ်ရေးသတင်းမှာ ဖေါ်ပြထားပါတယ်။

တရက်တည်းမှာပဲ  နယူးဒေလီက လာတဲ့ Sputnik ရုရှားစုံစမ်းရေးဌာနသတင်းမှာတော့ ဘင်္ဂလား ပင်လယ်အော် မှာ မြန်မာရေတပ်အတွက် မိုးလေဝသ လေ့လာထောက်လှမ်းရေး စခန်းတွေကို အိန္ဒိယ ရေတပ်က တည်ဆောက်ပေးဖို့ စီစဉ်နေကြောင်း ဖေါ်ပြထားပါတယ်။ အဲဒီ ပစ္စည်းတွေကို အသုံးပြုဖို့အတွက် မြန်မာရေတပ် ဖွဲ့ဝင်တွေကို အိန္ဒိယက လေ့ကျင့်သင်ကြားပေးမယ်လို့လည်း သိရပါတယ်။ အခုအချိန်ထိ မြန်မာရေတပ်ကို တရုတ်ပြည်က အဓိက လေ့ကျင့်ကူညီပေးနေတာဖြစ်ကြောင်းနဲ့ အိန္ဒိယအစိုးရက တရုတ်ပြည်ရဲ့ သြဇာလွှမ်းမိုးမှုကို တုံ့ပြန်ရင်ဆိုင်ဖို့ ကြိုးစားနေကြောင်းလည်း စပွတ်နစ် သတင်းမှာ ဖေါ်ပြထားပါတယ်။

အိန္ဒိယရေတပ်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ မိမိတို့ရေတပ်ဟာ မြန်မာရေတပ်နဲ့ ပိုမိုနွေးထွေးချစ်ကြည်စွာ ဆက်ဆံရေးတိုးချဲ့ဖို့ ကြိုးစားနေကြောင်း ဖေါ်ပြထားပါတယ်။  မြန်မာရေတပ်က အောင်ဇေယျနဲ့ ကျန်စစ်သား သင်္ဘောတွေမှာ အိန္ဒိယနိုင်ငံထုတ် ဆိုနာအသံလှိုင်းဖမ်းယူထောက်လှမ်းရေး ကိရိယာတွေကို ဝယ်ယူတပ်ဆင်ထား ပါတယ်။

No comments:

Powered by Blogger.