Header Ads

Breaking News
recent

ဒင်္ဂါးပြား ၉၀၀ ကျော် မျိုချခဲ့သည့် လိပ်မကြီး ခွဲစိတ်မှုအောင်မြင် (ရုပ်သံ)



ထိုင်းနိုင်ငံမှာ အသက် ၂၅ နှစ်အရွယ်ရှိတဲ့ လိပ်မကြီးတကောင်ဟာ ဒင်္ဂါးပြားပေါင်း ၉၁၅ ပြားကို မျိုချခဲ့တဲ့အတွက် သူ့ရဲ့အစာအိမ်ထဲကနေ ခွဲစိတ်ဖယ်ရှားပစ်ခဲ့ရပါတယ်။
ဒီခွဲစိတ်မှုကို ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်တက္ကသိုလ် တိရစ္ဆာန်ဆေးကုဆရာဝန်တွေက မတ်လ ၆ ရက်နေ့မှာ စုပေါင်းခွဲစိတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ထိုင်းဘာသာနဲ့ အွန်မ်ဆင်(စုဗူး) လို့ အမည်ပေးထားတဲ့ လိပ်မကြီးကို ခွဲစိတ်ခန်းဆရာဝန်ပေါင်း ၁၀ ဦးက မနက် ၈ နာရီကနေ နေ့လယ် ၂ နာရီထိ အချိန် ၆ နာရီကြာ အကြီးစားခွဲစိတ်ကုသမှုတွေ လုပ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အွန်မ်ဆင်ကို ချောင်ဘူရီခရိုင်၊ ဆီရိရတ်ချာဒေသကနေ ကယ်တင်ခဲ့ရတာ ဖြစ်ပါတယ်။
ဗိုက်ထဲမှာ အကြွေစေ့တွေပြည့်နေတဲ့ လိပ်မကြီးကို ခွဲစိတ်ပေးဖို့ ချွန်းပူးရီးခရိုင် ဆတ်တဟိပ်မြို့နယ် ရေကြောင်းတပ်ဖွဲ့ ပင်လယ်လိပ်ထိန်းသိမ်းရေးဌာန တာဝန်ရှိသူတွေက ချူလာလောင်ကွန်တက္ကသိုလ် တိရစ္ဆာန်မွေးမြူရေးနဲ့ ဆေးကုသရေးဌာနဆီ ခေါ်ဆောင်လာခဲ့ကြတာပါ။
ခုလို ဒင်္ဂါးပြားတွေ မျိုချမိခဲ့တာဟာ သူ့ကိုထားရှိတဲ့ ကန်အတွင်းကို ကမ္ဘာလှည့်ခရီးသွားတွေက ကံကောင်းတဲ့ အထိမ်းအမှတ်အဖြစ် ဒင်္ဂါးပြားတွေ ပစ်ချရာကနေ စတင်ခဲ့တာလို့ ဆိုပါတယ်။
အွန်မ်ဆင်ဟာ သူ့ကိုလာကြည့်တဲ့လူတွေ ပစ်ချသွားတဲ့ အကြွေတွေကို နှစ်နဲ့ချီ စားခဲ့ကြောင်း၊ တချို့လူတွေက အကြွေတွေ လိပ်ကန်ထဲပစ်ချရင် လာဘ်ကောင်းပြီး ကျန်းမာမယ်ဆိုတဲ့ အယူအဆတွေနဲ့ အကြွေတွေပစ်ချခဲ့ကြောင်း၊ တကယ်တော့ တိရိစ္ဆာန်ကိုချစ်ရင် ကန်ထဲပစ်မချဘဲ အပြင်က အလှူခံပုံးထဲမှာပဲ ထည့်သင့်တယ်လို့ လိပ်ကန်တာဝန်ရှိသူတဦးက ပြောပါတယ်။
လက်ရှိမှာတော့ ခွဲစိတ်ပြီးနောက်ပိုင်း သူဟာ အထူးကြပ်မတ်ကုသဆောင်မှာ ၂ ပတ်ကြာ နေထိုင်ရဦးမှာဖြစ်ပြီး အရည်ကိုသာ သောက်လို့ရဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ထိုင်းတော်ဝင်ရေတပ် ပင်လယ်လိပ် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး စင်တာဆီ ပို့ဆောင်ပေးကာ ပင်လယ်ထဲကို ပြန်လွှတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

No comments:

Powered by Blogger.