Header Ads

Breaking News
recent

ဒုံးကျည်ပစ်ခတ်ချိန် အရပ်သားများကို ဘေးကင်းရာ ရွှေ့ပြောင်းလေ့ကျင့်မှု ဂျပန်ပြုလုပ်(ရုပ်သံ)




ဒုံးကျည် ပစ်ခတ်ချိန် အရပ်သားတွေကို ဘေးကင်းရာ ရွှေ့ပြောင်းရေး လေ့ကျင့်မှုကို ဂျပန်နိုင်ငံ မြို့တော် တိုကျိုရဲ့ မြောက်ပိုင်း အိုဂါမြို့ ခိတဥရ မြို့နယ်မှာ မတ် ၁၇ ရက်နေ့က ပထမဆုံးအကြိမ် လေ့ကျင့်ခဲ့ပါတယ်။
မြောက်ကိုရီးယားက တာဝေးပစ် လက်နက်တွေကို အဆင့်မြှင့်ပြီးပြီလို့ ခြိမ်းခြောက်တာတွေ တိုးလာချိန်မှာ ခုလို လေ့ကျင့်ခဲ့တာပါ။
လွန်ခဲ့တဲ့ ၂ ပတ်လောက်က မြောက်ကိုရီးယားဟာ ပင်လယ်တွင်း တနေရာတည်းကို ပဲ့ထိန်းဒုံးကျည် ၄ စီး ပစ်လွှတ် စမ်းသပ်ခဲ့ပါတယ်။ ဒုံးကျည် တလုံးကတော့ အိုဂါမြို့ အနောက်ဘက် မိုင် ၁၅၀လောက် အကွာကို ကျရောက်ခဲ့တယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ဂျပန်နိုင်ငံရဲ့ ကျေးလက်ဒေသ အများစုဖြစ်တဲ့ အိုဂါမြို့ဟာ မြောက်ကိုရီးယားဒုံးကျည် ခြိမ်းခြောက်မှုနဲ့ ပတ်သက်ရင် ရှေ့တန်းနေရာလို ဖြစ်နေတာပါ။
ဆိုဗီယက် နည်းပညာနဲ့ တည်ဆောက်တဲ့ စကာ့ဒ်ဒုံးကျည်ကနေ အဆင့်မြှင့်လိုက်တဲ့ ရိုဒွန် ဒုံးကျည်ဟာ ၈၀၇ မိုင် အဝေးကို ပစ်နိုင်ပါတယ်။ ရိုဒွန် ဒုံးကျည်ကို မြောက်ကိုရီးယားဟာ ၁၉၉၃ ခုနှစ်တည်းက ပစ်လွှတ် စမ်းသပ်မှု စခဲ့တာပါ။
ဒုံးကျည်ကာကွယ်ရေး လေ့ကျင့်မှုအတွင်း အာဏာပိုင်တွေက ဒေသခံ အယောက် ၁၂၀ လောက်ကို အနားက မြို့တော် ခန်းမ ဒါမှမဟုတ် မူလတန်း ကျောင်းတွေဆီ ရွှေ့ပြောင်းဖို့ ညွှန်ကြားပါတယ်။ အဲဒီမှာတော့ အရေးပေါ်  အသုံးအဆောင်တွေနဲ့ ကာကွယ်ရေး ပစ္စည်းတွေကို ဝေငှခဲ့ပါတယ်။ တမြို့လုံးမှာလည်း အများပြည်သူ ကြားနိုင်အောင် အသံချဲ့စက်တွေကနေ အရေးပေါ် အခြေနေ ကြေညာခဲ့ပါတယ်။
ရွှေ့ပြောင်းရေးဌာနကနေ ၅ ကီလိုမီတာ အကွာမှာ ဂျပန်စစ်တပ်က ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ်အနေနဲ့ ရေဒါစခန်းကို တည်ထားပြီး တာဝန်ထမ်း နေတာပါ။ ဒါဟာ အစောပိုင်း သတိပေးစနစ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

No comments:

Powered by Blogger.