ၾသစေၾတးလ် အရှေ့ဘက်ကမ်းရိုးတန်းတလျှောက်ရှိ မြို့အားလုံးတွင် မြစ်ရေကြီး
သြစတြေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းတလျှောက်က မြို့အားလုံးမှာ မြစ်ရေကြီးနေတာကို မတ်လ ၃၁ ရက်နေ့က တွေ့ရပါတယ်။
လမ်းတွေပြတ်တောက်ကုန်ပြီး ဒေသခံတွေ အိမ်ခေါင်မိုးပေါ် တက်နေရသလို လမ်းတွေပေါ်မှာလည်း လှေနဲ့ သွားနေရပါတယ်။
ဒေသတလွှား အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းရဲ့အား အကြွင်းအကျန်တွေ သက်ရောက်နေဆဲပါ။
နယူးဆောက်သ်ဝေးပြည်နယ် မြောက်ပိုင်းက ထောင်သောင်းချီတဲ့ ဒေသခံတွေကို ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ ကြေညာချက်ထုတ်ထားပါတယ်။
လူဦးရေ ၂ သောင်းခွဲရှိတဲ့ လစ်ဇ်မိုးမြို့မှာလည်း အရုဏ်မတက်ခင်တည်းက ရေကြီးမှု အချက်ပေးသံတွေ ဆူညံနေပါတယ်။
ရေက အိမ်ခေါင်မိုးထိတက်ခဲ့ပြီး ကားတွေ၊ အမှိုက်ပုံးတွေနဲ့ အပျက်အစီးတွေက လမ်းတွေတလျှောက် မျောပါနေပါတယ်။
ဒေသခံတွေ ထွက်ပြေးရပြီး လယ်သမားတွေက သူတို့ကျွဲနွားတွေကို မြေမြင့်ရာ ကုန်းဘက်တွေဆီကို မောင်းတင်ထားရပါတယ်။
ဒက်ဘီ ဆိုင်ကလုန်းမုန်တိုင်းဟာ ကွင်းစ်လန်ပြည်နယ်ကို မတ်လ ၂၈ ရက်နေ့က စတင် တိုက်ခတ်ခဲ့တာပါ။
လျှပ်စစ်ဓာတ်ကြိုးတွေ ပြတ်ကျခဲ့ပြီး ကျောက်မီးသွေးတွင်းတွေကိုလည်း ပိတ်ထားခဲ့ရပါတယ်။
ဘိုင်ယွန်အငူနားက ကမ်းရိုးတန်းမှာ လေပြင်းပြီး လှိုင်းကြီးနေပါတယ်။
လောလောဆယ်ထိ မုန်တိုင်းကြောင့် သေဆုံးသူ မရှိသေးပေမယ့် အရေးပေါ်လုပ်သားတွေက ရေဘေးကယ်ဆယ်ရေးအတွက် နေရာ ၁၀၀ ကျော်မှာ ဆောင်ရွက်နေဆဲမို့ သေဆုံးသူအရေအတွက် ရှိလာမှာကို စိုးရိမ်နေကြပါတယ်။
ကွင်းစ်လန်ပြည်နယ် တောင်ပိုင်းနဲ့ နယူးဆောက်သ်ဝေးပြည်နယ်တလွှားက လူ ၂ သောင်းနီးပါးကို ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားပြီး ထောင်နဲ့ချီတဲ့ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားပါတယ်။
No comments: