မြန်မာပြည် လူ့အခွင့်ရေး ချိုးဖေါက်မှုရှိနေဆဲလို့ ကန်ပြောကြား
အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက ၂ဝ၁၆ ခုနှစ်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာကို မတ်လ ၃ ရက် မနေ့က ထုတ်ပြန်ခဲ့ရာမှာမြန်မာပြည်တွင်း သတင်းမီဒီယာနဲ့ နိုင်ငံရေးအရ လွတ်လပ်မှုတွေ ပိုမိုတိုးတက် လာခဲ့ပေမယ့် လုံခြုံရေးတပ်ဖွဲ့တွေရဲ့လူ့အခွင့်အရေးချိုးဖေါက်မှုတွေကတော့ ဆိုးဆိုးဝါးဝါး ရှိနေဆဲပဲလို့ဖေါ်ပြ ထားပါတယ်။ အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ် စတဲ့တိုင်းရင်းသားဒေသတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဥပဒေမဲ့ပြုကျင့်မှုတွေကိုဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရက ထိထိရောက်ရောက် ကွပ်ကဲနိုင်ခြင်း မရှိဖူးလို့ ရေးသားထားပါတယ်။
မြန်မာပြည်မှာ အဓိကဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု ၃ ခုကတော့ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသား လူနည်းစုဒေသတွေက လူ့အခွင့်ရေးချိုးဖေါက်မှု၊လွတ်လပ်စွာပြောဆိုရေးသားခွင့် အကန့်အသတ်ရှိနေမှုနဲ့ ရိုဟင်ဂျာလူမျိုးတွေကိုနှိပ်စက်ညင်းပန်းပြီး ကန့်သတ်ချုပ်ချယ်နေမှုတွေပဲလို့ လည်း အစီရင်ခံစာမှာဖေါ်ပြပါတယ်။
ပဋိပက္ခဖြစ်ပွားရာဒေသတွေမှအပ တခြားနေရာတွေမှာ အရပ်သားတွေကို အရင်ကလို နိုင်ငံရေးလှုပ်ရှားမှုအတွက် တိတ်တဆိတ် ဖမ်းဆီးတာမျိုး မရှိတော့ပဲ လုံခြုံရေးတပ်ဖွဲ့တွေဟာတရားဥပဒေစိုးမိုးရေးကို လိုက်နာဆောင် ရွက်နေကြောင်း၊ ရဲတပ်ဖွဲ့ပါဝင်တဲ့ပြည်ထဲရေးဝန်ကြီးဌာနကိုတော့ တပ်မတော်က အုပ်ချုပ်နေဆဲဖြစ်ကြောင်း ၊အကျဉ်းထောင်နဲ့ အလုပ်ကြမ်းစခန်းတွေမှာ အခြေအနေ ဆိုးဝါးနေဆဲဖြစ်ကြောင်း၊ဥပဒေအားဖြင့် အရပ်သားတွေ ကို ရှာဖွေဖမ်းဆီးဖို့ တရားသူကြီးထံကခွင့်ပြုမိန့်လိုအပ်ပေမယ့် စစ်ဖက်ရေးရာ အရာရှိချုပ်ရုံး (OCMSA) နဲ့အထူးထောက်လှမ်းရေး အဖွဲ့တွေကတော့ သူတို့စိတ်တိုင်းကျ ဖမ်းဆီးနိုင်ကြောင်း၊စစ်ဆေးရေးကာလ ဆိုပြီး ရုံးတင်စစ်ဆေးခြင်းမရှိပဲ ဖမ်းဆီးထားနိုင်တဲ့အချိန်ကလည်းအကန့်အသတ် မရှိကြောင်း အဲဒီ အစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်။
ဒ့ါအပြင် အစိုးရလုံခြုံရေးတပ်ဖွဲ့တွေသာမက တိုင်းရင်းသားလက်နက်ကိုင်တွေလည်းလူ့အခွင့်အရေး ချိုးဖေါက်ကြောင်း၊ တပ်မတော်ကကလေးစစ်သားစုဆောင်းမှု မရှိတော့သလောက်ဖြစ်ပေမယ့် တိုင်းရင်းသား အဖွဲ့တွေက ဆက်လက်လုပ်ဆောင်နေကြောင်း၊မြန်မာပြည်မှာ အရင်ကလို စုဝေးဆန္ဒပြခွင့်အတွက် ကြိုတင်ခွင့်ပြု မိန့်တောင်းခံဖို့မလိုတော့ပဲ ၄၈ နာရီကြိုတင်အကြောင်းကြားဖို့ပဲ လိုကြောင်း၊ ဒါပေမယ့်လွတ်လပ်စွာ ဆန္ဒသဘော ထား ထုတ်ဖေါ်ခွင့်ကို နိုင်ငံတော် လုံခြုံရေးရပ်ရွာငြိမ်းချမ်းရေး မထိခိုက်စေရဆိုတဲ့ ကန့်သတ်ချက်မျိုးရှိကြောင်း၊ ပုဂ္ဂလိကသတင်းစာ ၂၇ စောင်ကို ထုတ်ဝေခွင့်ပြုခဲ့ပြီး အဲဒီ ပုဂ္ဂလိက သတင်းစာတွေ မှာနိုင်ငံပိုင်သတင်း စာတွေ ဖေါ်ပြလေ့မရှိတဲ့ ဆန္ဒပြပွဲ၊ နိုင်ငံရေး၊ လူ့အခွင့်ရေးပြဿနာတွေကို လွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်ပြု ထားကြောင်း၊ အင်တာနက် လွတ်လပ်ခွင့်ပေးထားကြောင်း၊ ဒါပေမယ့် တပ်မတော် အပေါ်ဝေဖန်မှုတွေကိုတော့ သီးမခံကြောင်း၊လူတဦးချင်း ဂုဏ်သိက္ခာ ထိခိုက်စေမှုနဲ့ တရားစွဲတာတွေ ရှိကြောင်း၊သတင်းထောက်တွေကို ခြိမ်းခြောက်မှုနဲ့ တခါတရံဖမ်းဆီးကြောင်း၊နိုင်ငံခြားသတင်းထောက်တွေ အပေါ် ပြည်ဝင်ခွင့် ထိန်းချုပ်မှုတွေ ရှိကြောင်း၊အစိုးရ သို့ အစိုးရအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေက FMရေဒီယိုတွေကို ထိန်းချုပ်ထားကြောင်း၊ စာနယ်ဇင်းသမားတွေ အပေါ် ခြိမ်းခြောက် မှုလျှော့နည်းသွားပြီဖြစ်ပေမယ့် လူမျိုးရေး ဘာသာရေးဆိုင်ရာနဲ့ ရခိုင်ပြည်နယ်ကပြသနာမျိုးတွေအပေါ် ပွင့်ပွင့်လင်းလင်း ထုတ်ဖေါ်တင်ပြသူတွေကို အမျိုးသားရေးဝါဒီတွေက ခြိမ်းခြောက် တိုက်ခိုက်မှုတွေ ရှိနေကြောင်းလည်းနိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာ မှာ ရေးသားထားပါတယ်။
တဆက်တည်းမှာပဲ ညအိပ်ညနေသွားသူတွေ အရင်ကလို ဧည့်စာရင်းတိုင်ဖို့ မလိုတော့ပေမယ့် ရခိုင်ပြည်နယ်က ဘူးသီးတောင်နဲ့မောင်တောမြို့နယ်တွေ မှာတော့ခွင့်ပြုမိန့်လိုကြောင်း၊ ရခိုင်ပြည်နယ်မှာ ၂ဝ၁၂ ခုနှစ်ကဖြစ်ပွားခဲ့ တဲ့ ပဋိုပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ မွတ်စလင်လူဦးရေ ၁ သိန်း ၂ သောင်းကျော် ဒုက္ခသည်စခန်းတွေ မှာ နေထိုင်ရဆဲဖြစ်ကြောင်း၊ ကုလသမဂ္ဂ စာရင်းအရ မြန်မာပြည်ကထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေမှာ မှတ်ပုံတင်ထားတဲ့ရိုဟင်ဂျာလူမျိုး ၃ သောင်းကျော်နဲ့ မှတ်ပုံတင်မဲ့ နေထိုင်သူ ၃သောင်းခွဲရှိကြောင်း၊ ဒါ့အပြင် အဲဒီစခန်းတွေ အနီးဝန်းကျင်မှာ တရားမဝင်လာရောက်ခိုလှုံနေသူ ရိုဟင်ဂျာ ဦးရေကလည်း သိန်းနဲ့ချီပြီး ရှိနေကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အနေနဲ့ ကန့်သတ်မှုတွေကို ရင်ဆိုင်နေရကြောင်း၊ မြန်မာအစိုးရက အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်နေပေမယ့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနလိုအကျင့်ပျက်ဌာနတွေက အစိုးရအုပ်ချုပ်မှုအောက်မှာ မရှိတဲ့အတွက် အခက်ကြုံနေကြောင်း၊ကလေး အလုပ်သမားပြသနာအပြင် အလုပ်ရှင် အလုပ်သမား ပြဿနာတွေ ရှိနေဆဲဖြစ်ကြောင်း၊တပြိုင်နက်မှာ နိုင်ငံရေးပါတီတွေ လူမှုအဖွဲ့အစည်းတွေ ကတော့ မြန်မာပြည်မှာ အခုလွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားနိုင်ပြီ ဖြစ်သလို နိုင်ငံရေးအကျဉ်းသားဟောင်းတွေ လည်း နိုင်ငံခြားသွားခွင့် ရပြီဖြစ်ကြောင်း စသဖြင့် အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂ဝ၁၆ ခုနှစ် လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
No comments: