Header Ads

Breaking News
recent

တိုက်ပွဲပြင်းထန်နေသည့် အီရတ်တွင် အရပ်သားထိခိုက်မှုမရှိအောင် အလေးထားရန် ကုလ သတိပေး





တိုက်ပွဲတွေပြင်းထန်လာတဲ့ အီရတ်နိုင်ငံ၊ မွန်ဆိုးလ်မြို့ စစ်ဆင်ရေးမှာ တလတာအတွင်း အရပ်သား ၃၀၀ ကျော် သေဆုံးခဲ့တဲ့အတွက် အရပ်သားတွေ အထိအခိုက်မရှိအောင် အလေးထားဖို့ အီရတ်တပ်ဖွဲ့နဲ့ အမေရိကန် မဟာမိတ်တပ်ဖွဲ့တွေကို ကုလသမဂ္ဂအဖွဲ့ကြီးက သတိပေးလိုက်ပါတယ်။
အီရတ်တပ်ဖွဲ့တွေနဲ့ အမေရိကန် မဟာမိတ်တပ်ဖွဲ့တွေဟာ မွန်ဆိုးလ်မြို့သိမ်းစစ်ဆင်ရေးကို စတင်လာခဲ့တာ ၆ လနီးပါး ရှိပြီဖြစ်ပြီး အခုတော့ မြို့အနောက်ပိုင်းမှာ အိုင်အက်စ် အကြမ်းဖက်တွေနဲ့ အီရတ်တပ်ဖွဲ့တွေ အပြင်းအထန် တိုက်ခိုက်နေကြတာပါ။
ဖေဖော်ဝါရီ ၁၇ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့အထိ အရပ်သား ၃၀၇ ဦးထက်မနည်း သေဆုံးခဲ့ကြပြီး အများစုဟာလည်း မွန်ဆိုးလ်မြို့ အနောက်ပိုင်းမှာ သေဆုံးခဲ့ကြတာလို့ ကုလသမဂ္ဂက မတ်လ ၂၈ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အရပ်သား ၃၀၀ နီးပါးလည်း ထိခိုက်ဒဏ်ရာရကြပြီး အိုင်အက်စ် အကြမ်းဖက်တွေက အရပ်သားတွေကို လူသားဒိုင်းတွေအဖြစ် အကာအကွယ်ယူ တိုက်ခိုက်ကြလို့ အခုလို ထိခိုက်သေဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်။
အခုလ ၁၇ ရက်နေ့က အိုင်အက်စ်အကြမ်းဖက်တွေ အမာခံစခန်းအဖြစ် အသုံးပြုနေတဲ့အိမ်ကို လေကြောင်းက ပစ်ခတ်မှုတခုမှာ အရပ်သား အနည်းဆုံး ၆၁ ဦး သေဆုံးခဲ့ပါတယ်။
အိုင်အက်စ် အကြမ်းဖက်တွေဟာ အဲ့ဒီအိမ်ထဲကို အရပ်သား အနည်းဆုံး ၁၄၀ လောက်ကို ခေါ်သွင်းပြီး သူတို့တွေ ထွက်မပြေးနိုင်အောင်လည်း ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ပိတ်ထားခဲ့တာကို ကုလသမဂ္ဂက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အမေရိကန်စစ်တပ်ကလည်း အဲဒီပစ်ခတ်မှုကို စုံစမ်းစစ်ဆေးနေပါတယ်။


အိုင်အက်စ် အကြမ်းဖက်တွေ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချတဲ့ဗျူဟာမျိုးဟာ သူရဲဘောင်ကြောင်ပြီး စစ်ရာဇဝတ်မှုမြောက်တယ်၊ ရှေ့လျှောက် အရပ်သားသေဆုံးမှု ပိုများလာနိုင်ချေရှိလို့ စိုးရိမ်ပူပန်တယ်လို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အရာရှိတဦးက ပြောဆိုပါတယ်။

No comments:

Powered by Blogger.