Header Ads

Breaking News
recent

ပါကစ္စတန်တွင် ဟိန္ဒူဘာသာဝင်များ ဟိုလီပွဲတော် ဆင်နွှဲ



ပါကစ္စတန်နိုင်ငံအနှံ့မှာ နေထိုင်ကြတဲ့ ဟိန္ဒူဘာသာဝင်တွေဟာ အရောင်တွေနဲ့ ကစားရတဲ့ ဟိုလီပွဲတော်ကို မတ် ၁၂ ရက်နေ့ကစပြီး ဆင်နွှဲနေကြပါတယ်။
နွေဦးရာသီအစမှာ ဆင်နွှဲလေ့ရှိတဲ့ ဒီ ဟိုလီပွဲတော်မှာ အရောင်တွေနဲ့ ကစားကြတာ၊ မုန့်တွေ လုပ်စားကြတာအပြင် အတူတူ ကခုန်ကြတာတွေ လုပ်လေ့ရှိကြပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ ဆိပ်ကမ်းမြို့တော်ဖြစ်တဲ့ ကရာချိမြို့က ဒေသခံ ဟိန္ဒူဘာသာဝင် ၄၀၀ ခန့်ဟာ ဘုရားကျောင်းတခုမှာ စုစည်းရောက်ရှိလာကြပြီး အရောင်တွေနဲ့ ပျော်ရွှင်စွာ ကစားနေကြပါတယ်။
ဟိုလီပွဲတော်ဟာ ဟိန္ဒူဓလေ့မှာတော့ အကြီးဆုံးပွဲတော်တခု ဖြစ်ပါတယ်။ ဒီပွဲတော်အချိန်မှာ တယောက်အိမ်တယောက် လည်ကြတာ၊ နှုတ်ဆက်ကြတာ၊ မုန့်တွေလုပ်စားကြတာတွေ ရှိသလို ညနေဘက်ဆို တနေရာမှာစုပြီး ဘုရားရှိခိုးဆုတောင်းကြတာ၊ အရောင်တွေနဲ့ ကစားကြတာတွေ လုပ်ကြပါတယ်။
ဒီလို အရောင်တွေနဲ့ ကစားကြတဲ့အဓိပ္ပာယ်က လူမှုအသိုင်းအဝိုင်းတခုလုံးကို တရောင်တည်းခြယ်ပြီး လူမှုအသိုင်းအဝိုင်းထဲမှာ ကွဲပြားမှုတွေနည်းသွားအောင် လုပ်မယ်ဆိုတဲ့ သဘောပဲ ဖြစ်တယ်လို့ ဟိန္ဒူဘာသာဝင် ဆရာဝန်တဦးက ပြောပါတယ်။
ဟိန္ဒူဘုရားကျောင်းတွေရဲ့ အနီးတဝိုက်မှာတော့ လုံခြုံရေးကို တင်းကျပ်ထားပါတယ်။ ဝတ်ပြုဖို့ လာရောက်ကြသူတွေ အားလုံးဟာ စစ်ဆေးခံပြီးမှသာ ဘုရားကျောင်းထဲ ဝင်ခွင့်ရကြပါတယ်။
အချင်းချင်း ရောင်စုံပေါင်ဒါမှုန့်တွေ၊ ရောင်စုံဆေးရည်တွေနဲ့ ပက်ဖျန်းကြတဲ့ ဟိန္ဒူတွေရဲ့ ဒီ ဟိုလီပွဲတော်ကို ဆေးရောင်စုံပွဲတော်လို့ လူသိများကြပါတယ်။
ဟိုလီပွဲတော်ကို အိန္ဒိယ၊ နီပေါနဲ့ သီရိလင်္ကာလို ဟိန္ဒူအများစုရှိတဲ့ နိုင်ငံတွေမှာ စတင်ဆင်နွှဲခဲ့ကြတာပါ။
ပါကစ္စတန် ဟိန္ဒူ လူမှုကူညီရေးအဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ် နာဝတ် ရှရစ်ဟာ ကွဲပြားတဲ့ ဘာသာတရားတွေကြားမှာ ညီညွတ်မှုမြှင့်တင်ရေးအတွက် မတ် ၁၄ ရက်နေ့မှာ ကရာချိမြို့က ဟိုလီပွဲတော်ကို တက်ရောက်ဆင်နွှဲမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဟိုလီပွဲတော်ကို ဝန်ကြီးချုပ် ပါဝင်ဆင်နွှဲတာဟာ ဒီနှစ်မှာ ပထမဆုံးပဲ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာကို အဓိကကိုးကွယ်တဲ့ ပါကစ္စတန်နိုင်ငံမှာ တခြားဘာသာဝင်တွေဟာ ၃ ရာခိုင်နှုန်းသာရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Powered by Blogger.