သားကောင်ကို အုပ်ဖွဲ့စားသောက်နေသည့် ခြင်္သေ့အုပ်စုနှင့် မကြောက်မရွံ့ရင်ဆိုင်ခဲ့သည့် ကျွဲကြီး (ရုပ်သံ)
တောဘုရင်တွေလို့ တင်စားကြတဲ့ ခြင်္သေ့တွေနဲ့ ရင်ဆိုင်တွေ့ချိန်မှာ မကြောက်မရွံ့ ရှိနေနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
များသောအားဖြင့် အုပ်စုဖွဲ့ နေထိုင်သွားလာလေ့ရှိကြတဲ့ အာဖရိကန်ကျွဲတကောင် အနေနဲ့ ပိုမိုခက်ခဲနိုင်ပါလိမ့်မယ်။
ဒါပေမယ့် ဒီကျွဲကြီးကတော့ သားကောင်တကောင်ကို အုပ်စုဖွဲ့စားသောက်နေကြတဲ့ ခြင်္သေ့အုပ်စုနဲ့ ရဲရဲရင်ဆိုင်ခဲ့တာကို တွေ့ရပါတယ်။
ကြီးမားတဲ့ ဦးခေါင်း၊ ကျယ်ပြန့်တဲ့ ရင်အုပ်၊ သန်မာတဲ့ ခြေထောက်တွေရှိတဲ့ အာဖရိကန်ကျွဲတွေဟာ သာမန်နွားထီးတကောင်ထက် ၄ ဆ ပိုမိုသန်စွမ်းပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ခြင်္သေ့တွေရှိရာဆီ သွေးအေးအေးနဲ့ မကြောက်မရွံ့ လျှောက်လာနေခဲ့တာကို တွေ့ရပါတယ်။
အနီးကို ရောက်ချိန်မှာတော့ သူဟာ ခြင်္သေ့တွေနဲ့ နီးသထက်နီးအောင် ကပ်သွားခဲ့တာပါ။
အဲဒီအချိန်မှာ ခြင်္သေ့တွေဟာ သူ့ကို ရန်မူတိုက်ခိုက်ဖို့ မကြိုးစားကြဘဲ ဘေးကို ရှဲသွားခဲ့ကြတာ တွေ့ရပါတယ်။
ကျွဲကြီးဟာ ခြင်္သေ့တွေနောက်ကို အေးအေးဆေးဆေးပဲ လိုက်ခဲ့ချိန်မှာ ခြင်္သေ့တွေဟာ ဘာမှမတုံ့ပြန်နိုင်ခဲ့ဘဲ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတာပါ။
သာမန်အားဖြင့် အုပ်စုဖွဲ့တိုက်ခိုက်လေ့ရှိကြတဲ့ ခြင်္သေ့အုပ်စုဟာ ခုချိန်မှာ ဘာလို့ တုံ့ပြန်တိုက်ခိုက်တာတွေ မလုပ်ခဲ့တာလဲ ဆိုတာကတော့ တကယ့်ကို အံ့သြစရာပါပဲ။
No comments: