Header Ads

Breaking News
recent

ကင်မ်ဂျုံနမ်အလောင်းပါသည်ဟု ယုံကြည်ရသည့်လေယာဉ် မလေးရှားမှ ထွက်ခွာ





မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ အဖေတူအမေကွဲ အစ်ကို ကင်မ်ဂျုံနမ်ရဲ့ အလောင်းကို တင်ထားတယ်လို့ ယုံကြည်ရတဲ့ လေယာဉ်တစီး မလေးရှားနိုင်ငံက ထွက်သွားတာကို မတ်လ ၃၀ ရက်နေ့က တွေ့ရပါတယ်။
ဒီရုပ်အလောင်းနဲ့အတူ လူသတ်မှုအတွက် စစ်မေးဖို့ အလိုရှိနေတဲ့ မြောက်ကိုရီးယားနိုင်ငံသား ၂ ယောက် ၃ ယောက်လည်း လိုက်သွားတယ်လို့ ယုံကြည်နေပါတယ်။
မလေးရှားအစိုးရဟာ မြောက်ကိုရီးယားနဲ့ ဖလှယ်ရေး သဘောတူညီအပြီး ခုလို ပြန်ပို့လိုက်တာပါ။
မတ်လ ၃၀ ရက် ညနေက မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်ကနေ တရုတ်နိုင်ငံ ဘေဂျင်းလေဆိပ်ဆီ ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံရုံး ဒု-အတွင်းဝန်နဲ့ မြောက်ကိုရီးယား အစိုးရလေကြောင်းလိုင်းက ဝန်ထမ်းတို့ ပါသွားတယ်လို့ ဂျပန်ရုပ်သံ TBS က အစီရင်ခံ ထုတ်လွှင့်ပြသခဲ့ပါတယ်။
ရုပ်သံထဲက အမျိုးသားတွေဟာ မလေးရှားရဲတွေ အစောပိုင်းက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေနဲ့ တူညီနေပါတယ်။
ကင်မ်ဂျုံနမ်ရဲ့အလောင်းကို တင်တဲ့ လေယာဉ်နဲ့ သူတို့ ၂ ယောက် စီးလာတဲ့ လေယာဉ် တစီးတည်းလို့ ယုံကြည်ရပြီး အာဏာပိုင်တွေက တရားဝင် အတည်ပြုတာတော့ မရှိပါဘူး။
သူတို့နဲ့အတူ မြောက်ကိုရီးယားသံရုံးထဲမှာ ပုန်းနေခဲ့တဲ့ တတိယမြောက် သံသယရှိသူ ဂျိမ်းစ်လို့လည်းခေါ်တဲ့ ရိဂျိအူးလည်း ဒီလေယာဉ်နဲ့အတူ အိမ်ပြန်ခွင့်ရသွားတယ်လို့ မလေးရှား မီဒီယာတွေက အစီရင်ခံပါတယ်။
သူတို့ ၃ ယောက်နဲ့ အလောင်းကို မြောက်ကိုရီးယားမြို့တော် ပြုံယမ်းကိုသွားမယ့် လေယာဉ်ဆီ လွှဲပေးဖို့ မျှော်လင့်ရပါတယ်။
မြောက်ကိုရီးယားနဲ့ မလေးရှား သံတမန်ဆက်ဆံရေး ကတောက်ကဆဖြစ်အပြီး မလေးရှားနိုင်ငံသား ၉ ယောက်ကို မြောက်ကိုရီးယားက ပြန်လွှတ်ပေးမယ့် အပေးအယူအရ မလေးရှားအစိုးရက ကင်မ်ဂျုံနမ်ရဲ့အလောင်းကို မြောက်ကိုရီးယားဆီ မတ်လ ၃၀ ရက်နေ့မှာ ပြန်ပေးလိုက်တာ ဖြစ်ပါတယ်။

No comments:

Powered by Blogger.