Header Ads

Breaking News
recent

အီရတ် အကျဉ်းထောင်တခုတွင် လူ ၅၀၀ ခန့် သတ်ဖြတ်မြှုပ်နှံထားသည့်နေရာ တွေ့



အီရတ်နိုင်ငံ မွန်ဆိုးလ်မြို့နားက အကျဉ်းထောင်တခုမှာ လူအယောက် ၅၀၀ လောက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားတဲ့ နေရာတခုကို တွေ့ရှိခဲ့တယ်လို့ အီရတ်တပ်ဖွဲ့ဝင်တွေက မတ်လ ၁၂ ရက်နေ့မှာ ပြောပါတယ်။
ဒီနေရာဟာ မွန်ဆိုးလ်မြို့ကို ၂၀၁၄ ခုနှစ်က အိုင်အက်စ် အကြမ်းဖက်တပ်ဖွဲ့တွေ သိမ်းပိုက်စဉ် သတ်ဖြတ်ခံရတဲ့ အရပ်သားအကျဉ်းသားတွေ အစုလိုက်မြှုပ်နှံထားတဲ့နေရာလို့ မွန်ဆိုးလ်မြို့သိမ်း စစ်ဆင်ရေးမှာ ပါဝင်တဲ့ ရှီယာပြည်သူ့စစ်တွေက ပြောပါတယ်။
အဲဒီတုန်းက သတ်ဖြတ်ခံရသူ အကျဉ်းသား ၆၀၀ အထိရှိပြီး အများစုဟာ ရှီယာမွတ်စလင်တွေဖြစ်တယ်လို့ ဆိုပေမယ့် အီရတ်အစိုးရက အတည်မပြုနိုင်သေးပါဘူး။
နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ၂၀၁၄ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ အဲဒီအချိန်က အမျိုးသားအကျဉ်းသားတွေ ရာနဲ့ချီ အသတ်ခံရတယ်လို့ ဖော်ပြခဲ့ပါတယ်။
၂၀၁၄ ခုနှစ် ဇွန်လမှာ မွန်ဆိုးလ်မြို့ ထောင်ကို အိုင်အက်စ် အကြမ်းဖက်တွေ အဝိုင်းခံရချိန်က အကျဉ်းသား ၁၅၀၀ လောက်ရှိနေခဲ့ပြီး အဲ့ဒီထဲက ရှီယာမွတ်စလင် အကျဉ်းသားတွေက သပ်သပ်၊ စွန္နီနဲ့ ခရစ်ယာန်ဘာသာဝင် အကျဉ်းသားတွေက သပ်သပ် ခွဲထုတ်ပြီး ရှီယာမွတ်စလင်တွေကိုတော့ အဲ့ဒီမြောင်းဘောင်ပေါ်မှာ ဒူးထောက်ခိုင်းပြီး ပစ်သတ်ခဲ့တယ်လို့ လွတ်မြောက်ခဲ့သူတွေက ပြောပြခဲ့တာပါ။
မျက်မြင်တဦးကလည်း သူနဲ့ ဒေသခံတွေ ပူးပေါင်းပြီး ရုပ်အလောင်းတွေ ရာနဲ့ချီ မြေမြှုပ်ပေးခဲ့ရပြီး သတ်ဖြတ်ခံရသူတွေအားလုံး လက်နောက်ပြန် ကြိုးတုပ်ခံထားကြရတယ်လို့ ပြောပါတယ်။


ဒီအကျဉ်းထောင်ကိုတော့ မွန်ဆိုးလ်မြို့ကို ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်နေတဲ့ အီရတ်တပ်ဖွဲ့တွေက ပြီးခဲ့တဲ့တပတ် အစောပိုင်းမှာ ပြန်လည်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

No comments:

Powered by Blogger.