Header Ads

Breaking News
recent

အီရန်တောင်ပိုင်း ကြောက်မက်ဖွယ် ဆူနာမီလှိုင်းရိုက်ခတ်၊ ၁ ဦးသေ၊ ၅ ဦးပျောက်ဆုံးနေ





အီရန်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတခုမှာ မတ်လ ၁၉ ရက် မနက်ပိုင်းက မျှော်လင့်မထားဘဲ ဆူနာမီလှိုင်း ကြောက်မက်ဖွယ် တိုက်ခတ်ခဲ့လို့ ကမ္ဘာလှည့်ခရီးသည် ၅ ဦး ပျောက်ဆုံးနေပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအဖြစ်အပျက်ဟာ ဒေရာမြို့ ကမ်းရိုးတန်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ကြောက်မက်ဖွယ် ဧရာမလှိုင်းလုံးကြီးတွေ ရိုက်ပုတ်ခံခဲ့ရတာကြောင့် အသက် ၅၁ နှစ်အရွယ် အမျိုးသားတဦး သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ အီရန်အခြေစိုက် အိုင်အာရ်အိုင်ဘီ ရုပ်သံသတင်းဌာနမှာ ဖော်ပြပါတယ်။
အသက် ၈ နှစ်အရွယ် ဒေသခံကလေးငယ် ၁ ဦးနဲ့ တခြား အီရန်ခရီးသွားဧည့်သည် ၄ ဦး ပါဝင်တဲ့ ကားတစီးဟာ လှိုင်းပုတ်ခံခဲ့ရပြီး ပျောက်ဆုံးနေခဲ့ပါတယ်။
သစ်ပင်တွေဟာ အမြစ်ကနေလန်ကာ လဲပြိုကျပြီး ဆိုးဝါးတဲ့ သဘာဝဘေးဒဏ်ကြားမှာ တခြားဒေသခံ ၁၇ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။
ကမ်းရိုးတန်းတလျှောက် အိမ်တွေလည်း ရေလွှမ်းမိုးခံရပြီး လေပြင်းတိုက်ခတ်မှုနဲ့ မိုးသည်းထန်မှုကြားမှာ ငါးဖမ်းလှေတွေလည်း နစ်မြုပ်ကုန်ကြတယ်လို့ ဆိုပါတယ်။
ဒေသတွင်း ကယ်ဆယ်ရေးသမားတွေဟာ ရေလှိုင်းနဲ့အတူ မျောပါသွားကြသူ ၁၀ ဦးကို ကနဦး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပြီး ပျောက်ဆုံးနေကြသူတွေကိုလည်း ရှာဖွေနေကြတာပါ။
ဒေသတွင်း အစိုးရတာဝန်ရှိသူတဦးကတော့ ဒီအခြေအနေမျိုးဟာ ဘယ်တုန်းကမှ မတွေ့ကြုံဘူးတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဧရာမလှိုင်းလုံးကြီးတွေဟာ ကမ်းခြေတလျှောက် ကြောက်မက်ဖွယ် ရိုက်ခတ်လာခဲ့ပြီး နေအိမ်အဆောက်အဦတွေကို တိုက်စားသွားခဲ့တာ တွေ့ရပါတယ်။

No comments:

Powered by Blogger.