Header Ads

Breaking News
recent

မှော်ယောကြီးဆင်စခန်းအား လာရောက်လည်ပတ်သူ များပြားလာ



ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ရှိ မှော်ယောကြီးဆင်စခန်းကို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၅ /၄ ရဲ့ အနောက်ဘက် ၁ မိုင်လောက်အကွာမှာ သြဂုတ်လ ၁၂ ရက် ၂၀၁၆ ရက်နေ့ ကမ္ဘာ့ဆင်များနေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အခုအခါမှာ လာရောက်လည်ပတ်သူ များပြားလာတယ်လို့ သိရပါတယ်။
အဆိုပါဆင်စခန်းကို ပဲခူးမြောက်သစ်ထုတ်ရေးမှ ဦးဆောင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စုစုပေါင်း ဆင်အစီးရေ ၂၃ ကောင်ဖြင့် လာရောက်လည်ပတ်သူများအား ဝန်ဆောင်မှုပေးလျက်ရှိတယ်လို့ သိရပါတယ်။
“ကျနော်တို့ဆီမှာတော့ စုစုပေါင်းဆင်အစီးရေ ၂၃ ကောင်ရှိတယ်ဗျ။ အခုလက်ရှိ အလုပ်လုပ်ပေးနေတာကတော့ ၁၁ ကောင်ပေါ့။ ဆင်ပေါက်လေးတွေက ၃ ကောင်(၄ နှစ် ၅ နှစ်) သားလေးတွေပေါ့။ ဖျော်ဖြေပေးတဲ့ဆင်ကတော့ ၅ ကောင်ပေါ့။ တုံလျှောက်တာတို့ အိပ်ပြတာတို့ပေါ့။ လာရောက်လည်ပတ်သူတွေ အဆင်ပြေအောင်တော့ ကျနော်တို့ဘက်က အစစအရာရာ ဂရုစိုက်ပြီး လုပ်ပေးနေပါတယ်။ ကျနော်တို့ စခန်းကို ကမ္ဘာ့ဆင်များနေ့ ၂၀၁၆ ခု သြဂုတ်လ ၁၂ ရက်နေ့မှာ စပြီး ဖွင့်ခဲ့တာ။ အခု ၁ နှစ်အတွင်းမှာတင် ဧည့်သည်လာရောက်မှု များလာတယ်”လို့ ဆင်စခန်းမှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
အဆိုပါဆင်စခန်းကို ရန်ကုန်နဲ့ အခြားမြို့များမှ လာရောက်လည်ပတ်ကြပြီး နိုင်ငံခြားခရီသွားများလည်း လာရောက်လည်ပတ်မှုများရှိပြီး ရုံးပိတ်ရက်များမှာ တနေ့လျှင် ရီးသွား ၈၀ မှ ၁၀၀ ဝန်းကျင် ဝင်ထွက်သွားလာပြီး အခြားရက်များတွင်လည်း လာရောက်လည်ပတ်သူများ ရှိတယ်လို့ သိရပါတယ်။
“ကျနော်တို့က ရန်ကုန်က လာတာဗျ။ မနက်ငါးနာရီလောက် ထွက်လာတာ ဒီကို ၈ နာရီကျော်ကျော်လောက် ရောက်တယ်။ အကုန်အဆင်ပြေတယ်ဗျ။ ဝန်ဆောင်မှုလည်း ကောင်းတယ်။ ပျော်စရာ အတော်ကောင်းပါတယ်။ လာရကျိုးနပ်တယ်ဗျ” လို့ ရန်ကုန်မြို့မှ လာရောက်လည်ပတ်သူ တဦးက ဒီဗွီဘီကို ပြောပါတယ်။
မှော်ယောကြီးဆင်စခန်း ဝန်တင်အင်အား ၁၅ ဦးရှိပြီး ဆင်အကောင်ရေ ၂၃ ကောင်ရှိပါတယ်။ ဆင်စခန်းဝင်ကြေးအဖြစ် ပြည်တွင်ခရီးသွား တဦးလျှင် ၁၀၀၀ ကျပ်ကောက်ခံပြီး ဆင်တခါစီးလျှင် တယောက် ၅၀၀၀ ကောက်ခံကြောင်း၊ ပြည်ပခရီးသွား တဦးလျှင် ၂ သောင်းကျပ် ကောက်ခံပြီး ဆင်စီးလျှင် တဦး ၂ သောင်းကျပ် ကောက်ခံကြောင်း သိရပါတယ်။

No comments:

Powered by Blogger.