Header Ads

Breaking News
recent

နိုင်ငံ့ခေါင်းဆောင်တွေ မင်းကျင့်တရားဆယ်ပါး လိုက်နာကျင့်သုံးဖို့ မဟနဆရာတော်ကြီး တိုက်တွန်း




မင်းကျင့်တရားဆယ်ပါးကို လိုက်နာကျင့်သုံးကာ မိမိသားသမီးတွေကို စောင့်ရှောက်သကဲ့သို့ ပြည်သူပြည်သားအပေါင်းကို တရားဥပဒေနဲ့အညီ စောင့်ရှောက်သွားကြဖို့ နိုင်ငံ့ခေါင်းဆောင်တွေကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်ကြီးက တိုက်တွန်းမိန့်ကြားလိုက်ပါတယ်။

‘‘မင်းကျင့်တရားဆယ်ပါးကို လိုက်နာကျင့်သုံးလျက် မိမိရင်မှ ဖြစ်သောသားသမီးများကို စောင့် ရှောက်သကဲ့သို့ ပြည်သူပြည်သား အပေါင်းကို တရားဥပဒေနှင့်အညီ စောင့်ရှောက်သွားကြရန်"တပေါင်းလပြည်နေ့ (မတ်လ ၁၂ ရက်)က ပြုလုပ်တဲ့  ၂၀၁၇ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲမှာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးမြို့ ဒက္ခိဏာရာမဘုရားကြီးတိုက် အတုလကာရီဆင်မင်းကျောင်း ပဓာန နာယက ဆရာတော် ဘဒ္ဒန္တသြဘာသာဘိဝံသ မဟာထေရ်မြတ်က မိန့်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နေပြည်တော်ရှိ ဥပ္ပါတသန္တိ  စေတီတော်မြတ်ကြီးမှာ ပြုလုပ်တဲ့ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်နဲ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်ထောင် စုဝန်ကြီးတွေလည်း တက်ရောက်ပြီး ၀န်ကြီးဌာနအလိုက် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြတာ ဖြစ်ပါတယ်။

နံနက်ပိုင်းမှာ သံဃာတော်တွေကို ဆွမ်းဆက်ကပ်ခဲ့ပြီး နေ့လယ်မှာ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးတွေ၊ သီလရှင်နဲ့ လူပုဂ္ဂိုလ်တွေကို ဘွဲ့တံဆိပ်တော် အပ်နှင်းခဲ့တာ ဖြစ်ပါတယ်။ 

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌ ဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသထံမှ နိုင်ငံတော်သမ္မတနဲ့ ပရိသတ်တွေက ငါးပါးသီလခံယူဆောက်တည်ကြပါတယ်။ ဒီ့နောက်မှာတော့ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ဆက်ကပ်အပူဇော်ခံယူတော်မူမယ့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးမြို့ ဒက္ခိဏာရာမဘုရားကြီးတိုက် အတုလကာရီ ဆင်မင်းကျောင်း ဆရာတော်ဘဒ္ဒန္တသြဘာသာဘိဝံသက သမ္မောဒနီယသြ၀ါဒကထာ မြွက်ကြားချီးမြှင့်တော်မူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာတွေ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ထို့နောက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းကြရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့ ကိုင်းကုန်း ပါဠိတက္က သိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောဘိတနဲ့ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင် စာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇနိန္ဒတို့ကို ဘွဲ့တံဆိပ်တော်နဲ့ အဆောင်အယောင်တွေ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မကွေးတိုင်းဒေသကြီး ချောက်မြို့ မဟာဝိဇိတာရုံ ဆင်ဖြူကျွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒ၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် အတုလကာရီဆင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တသြဘာသာဘိဝံသနဲ့ စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်တွေရဲ့ အဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရတို့ကို ဘွဲ့တံဆိပ်တော်နဲ့ အဆောင်အယောင်တွေ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

No comments:

Powered by Blogger.