ပိုက်ဆံ မကုန်တဲ့ စက်ရုပ် အကျိုးဆောင်ရှေ့နေ လာပြီ ..!
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် စတန်ဖို့ဒ် တက္ကသိုလ်က ကျောင်းသား တယောက်ဟာ ဥပဒေဆိုင်ရာ အကြံဉာဏ် တွေ အပြန်အလှန် အခမဲ့ ဖြေဆိုပေးနိုင်တဲ့ chatbot စက်ရုပ် ကွန်ပျူတာပရိုဂရမ် တခုကို ဖန်တီး ရေးဆွဲ လိုက်ပါတယ်။
ဂျော့ရှဝါ ဘရောက်ဒါ အမည်ရှိ အသက် ၂၀ အရွယ် ဗြိတိသျှ လူမျိုး ကျောင်းသားလေးရဲ့ တီထွင်မှုမှာ အသံ၊ စာသား နှစ်ခုစလုံးကို အသုံးပြု လူမှုကွန်ရက် ဆက်သွယ်ရေး တခု ဖြစ်တဲ့ Facebook Messenger က တဆင့် ရွှေ့ပြောင်း အခြေချသူ ဒုက္ခသည်တွေ အတွက် လိုအပ်တဲ့ ဥပဒေရေးရာ မေးခွန်းတွေကို မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။
ဒီ chatbot ကနေ အမေရိကန်နဲ့ ကနေဒါ ရောက် ဒုက္ခသည်တွေကို လူဝင်မှုဆိုင်ရာ လျှောက်လွှာတွေ ဖြည့်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပြီး ယူကေ က ဒုက္ခသည်တွေ အတွက်တော့ အစိုးရဆီက ဘယ်လို ငွေကြေးထောက်ပံ့မှုတွေ လျှောက်နိုင်သလဲ ဆိုတဲ့ အကြံပြုချက်တွေ ပေးနိုင်မှာဖြစ်ပါတယ်။
ပိုက်ဆံပေးစရာမလို (DoNotPay) အမည် ပေးထားတဲ့ ဒီ chatbot နဲ့ ဒုက္ခသည်တွေကို ကူညီချင်ရတဲ့ အကြောင်းရင်းကတော့ ဂျော့ရှဝါ ဘရောက်ဒါ ရဲ့ အဘွား ကိုယ်တိုင်က နာဇီခေတ် လူမျိုးတုံးသတ်ဖြတ်မှုတွေ အတွင်းမှာ သြစတြီးယား နိုင်ငံကနေ ယူကေကို ထွက်ပြေးခိုလှုံလာခဲ့ရသူ တဦးဖြစ်လို့ ဘဝတူ ရွှေ့ပြောင်းဒုက္ခသည်တွေကို ကူညီချင်လို့ပါ လို့ ဆိုပါတယ်။
No comments: