Header Ads

Breaking News
recent

ဒေါ်လာ ၁ သန်းချီးမြှင့်သည့် ကမ္ဘာ့ဆရာထူးချွန်ဆု ကနေဒါဆရာမတဦး ရရှိ




အမေရိကန်ဒေါ်လာ ၁ သန်း ချီးမြှင့်တဲ့ အခုနှစ်အတွက် ကမ္ဘာ့ဆရာထူးချွန်ဆုကို ကနေဒါ အာတိတ်ဒေသမှာ ဒေသခံလူမျိုးစုတွေရဲ့ ပညာရေးဆောင်ရွက်ပေးနေတဲ့ ကနေဒါဆရာမတဦးကို ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။
ဒီဆုကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ မတ် ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ ကမ္ဘာ့ပညာရေးနဲ့ စွမ်းရည်ဖိုရမ်မှာ ရွေးချယ်ချီးမြှင့်လိုက်တာဖြစ်ပြီး ကမ္ဘာတဝန်းက ဆန်ခါတင် ဆရာနဲ့ ဆရာမ ၁၀ ယောက်ထဲကနေပြီး ရွေးချယ်ခဲ့တာပါ။
အခုနှစ်အတွက် ဆုရှင်အဖြစ် ကနေဒါနိုင်ငံသူ ဆရာမ မက်ဂီ မက်ဒွန်နယ်လ် (Maggie MacDonnell) ရရှိတဲ့အကြောင်းကို နိုင်ငံတကာအာကာသစခန်း အာကာသယာဉ်မှူးတဦးက ဗွီဒီယိုဆက်သွယ်မှုနဲ့ ကြေညာပေးခဲ့ပါတယ်။
ကနေဒါဝန်ကြီးချုပ်က ဗွီဒီယိုဆက်သွယ်မှုနဲ့ပဲ ဆရာမ မက်ဒွန်နယ်လ်အတွက် ဂုဏ်ပြုစကား ချီးမြှင့်ပြောကြားပေးခဲ့ပါတယ်။
ဝေးလံခေါင်ဖျား ကနေဒါအာတိတ်ဒေသမှာ ဒေသခံလူမျိုးစုတွေကို အခက်အခဲတွေကြားက အနစ်နာခံ ပညာရေးဆောင်ရွက်ပေးသူ ဆရာမ မက်ဒွန်နယ်လ်ဟာ အနာဂတ်ကို ပုံဖော်သူလို့ ဝန်ကြီးချုပ်က ပြောပါတယ်။
“အဲ့ဒီဒေသမှာ ကားလမ်းခရီးမပေါက်၊ လေယာဉ်နဲ့ပဲ သွားရောက်နိုင်ပြီး အပူချိန်က -၂၀ ဒီဂရီ ရှိတယ်။ အရမ်းကို အေးပါတယ်။ အဲဒီမှာ ပညာရေးဆောင်ရွက်ပေးနေတဲ့ ဘယ်ဆရာ၊ ဆရာမကိုမဆို ကျေးဇူးတင်ပါတယ်” လို့ ကနေဒါဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။
အဲဒီဒေသက ဒေသခံ အက်စကီးမိုးလူငယ်တွေအကြား ခက်ခဲဆင်းရဲကြလို့ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုမြင့်မားတဲ့ ပြဿနာကို ဆရာမ မက်ဒွန်နယ်လ်က ဆုပေးပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
အခမ်းအနားကို ယူအေးအီးနိုင်ငံ ဒုတိယသမ္မတ ရှိတ် မိုဟာမက် ဘင် ရာရှစ် အယ်လ် မက်ခ်တွန် (Sheikh Mohammad Bin Rashid Al Maktoum) ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။

No comments:

Powered by Blogger.