ဆယ်ကျော်သက်တရားခံကို ရက်ရက်စက်စက် ထိုးကြိတ်ဖမ်းဆီးသည့် ရဲအရာရှိရုပ်သံ ဝေဖန်မှုမြင့်တက်
အမေရိကန်နိုင်ငံမှာ သံသယရှိတဲ့ တရားခံ ဆယ်ကျော်သက်အမျိုးသားတဦးကို လမ်းမပေါ်မှာ ရက်ရက်စက်စက် ထိုးကြိတ်ဖမ်းဆီးခဲ့တဲ့ ရဲအရာရှိဟာ ဝေဖန်ခံနေရပါတယ်။
ဒီအဖြစ်အပျက်ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဗယေးဟိုမြို့မှာ မတ်လ ၁ဝ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး ခုလို ရက်ရက်စက်စက် ထိုးကြိတ်ဖမ်းဆီးခဲ့တာကို မျက်မြင်တွေ့ရှိသူတွေက ရိုက်ယူထားနိုင်ခဲ့တာပါ။
ရဲတွေဟာ အရေးပေါ်ဖုန်းနံပါတ် ၉၁၁ မှတဆင့် လမ်းမပေါ်မှ မသင်္ကာဖွယ် လူတယောက် တွေ့ထားတယ်ဆိုတဲ့ ခေါ်ဆိုမှု ရခဲ့အပြီးမှာ လိုက်လံဖမ်းဆီးဖို့ ကြိုးစားခဲ့ကြတာ ဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
တက်တူးတွေ အပြည့်ထိုးထားတဲ့ ရဲအရာရှိဟာ သံသယရှိသူနောက်ကို မိနစ်ပေါင်းများစွာကြာအောင် လိုက်ခဲ့ပြီးနောက် ဖမ်းမိခဲ့ချိန်မှာ မြေပြင်ပေါ်ပစ်လှဲချကာ ထိုးကြိတ်ခဲ့တာကို တွေ့ရပါတယ်။
သံသယရှိသူ တရားခံအမျိုးသားက “ငါဟာ ဘုရားသခင်ပဲ။ ငါဟာ ဘုရားသခင်ပဲ” လို့ အော်ဟစ်နေခဲ့တာဖြစ်ပြီး ရဲအရာရှိဟာ သူ့ကို အဆက်မပြတ်ထိုးကြိတ်ကာ လက်ထိပ်ခတ်ခဲ့တာပါ။
မျက်မြင်သက်သေတွေက ဒီအပြုအမူကို ရက်စက်တဲ့ ရဲအရာရှိလို့ အော်ဟစ်ခဲ့ကြချိန်မှာ ရဲအရာရှိက သူတို့ကို ပြန်ပြီး အော်ဟစ်ဆဲဆိုခဲ့တာပါ။
အမည်မဖော်ပြထားတဲ့ မျက်မြင်သက်သေတဦးကတော့ “ကလေးဟာ လက်နက်ချ အဖမ်းခံခဲ့ချိန်မှာ တော်တော်မောပန်းနေခဲ့ပါပြီ။ ဒီကိစ္စဟာ ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ကျူးလွန်တာဆိုရင်တော့ ဒါကို စုံစမ်းအရေးယူရမှာပါ” လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို အွန်လိုင်းပေါ်တင်ခဲ့ပြီးနောက်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော် ရှိနေခဲ့ပါတယ်။
No comments: