တောင်တရုတ်ပင်လယ်အရေး ၀င်မစွက်ရန် ဂျပန်ကို တရုတ်သတိပေး
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အရေးမှာ ဂျပန်နိုင်ငံအနေနဲ့ ၀င်မစွက်ဖက်ဖို့ မတ် ၂၃ ရက်နေ့က သတိပေးပြောကြားလိုက်ပါတယ်။
မတ် ၂၂ ရက်နေ့က ဂျပန်နိုင်ငံဟာ သူ့ရဲ့ ဒုတိယမြောက်အကြီးဆုံး ရဟတ်ယာဉ်တင်သင်္ဘော ကာဂါကို စတင်ခုတ်မောင်းပြီးတဲ့နောက်မှာ တရုတ်နိုင်ငံက ခုလို သတိပေးလိုက်တာပါ။
ဂျပန်နိုင်ငံဟာ နိုင်ငံတကာအသိုက်အ၀န်းကို ကိုယ်စားမပြုပါဘူး။ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေရဲ့ ကြိုးပမ်းမှုကြောင့် တောင်တရုတ်ပင်လယ်အရေးကိစ္စဟာ အတော်လေး တည်ငြိမ်ပြီး တိုးတက်မှု ရှိနေပါပြီ။ အဲဒါကို ဂျပန်ဘက်က လှိုင်းထအောင်လုပ်ရင် တရုတ်နိုင်ငံဖြစ်ဖြစ်၊ အာဆီယံနိုင်ငံဖြစ်ဖြစ် လက်ခံမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တဦးက ဆိုပါတယ်။
ကာဂါသင်္ဘောဟာ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်စစ်တပ်ကြောင့် နစ်မြုပ်သွားပါပြီ။ ကာဂါသင်္ဘော ပြန်ပေါ်လာတာဟာ ဂျပန်စစ်အင်အားသုံးဝါဒ ပြန်ရှင်လာတာ မဟုတ်ဖို့ မျှော်လင့်ပါတယ်လို့ အဲဒီပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
ဂျပန်နိုင်ငံရဲ့ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးစစ်သင်္ဘော ၂ စီးဟာ ထိုးစစ်ဆင် လက်နက်တွေကို တားမြစ်ထားတဲ့ စစ်မဲ့ဥပဒေကို လိုက်နာပြီး ဖျက်သင်္ဘောတွေအနေနဲ့ ဒီဇိုင်းထုတ် တည်ဆောက်ထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
No comments: