ဂိုးသွင်းခွင့်အများအပြားရသော်လည်း အသုံးမချနိုင်၍ ရှုံးနိမ့်ခဲ့ဟု မြန်မာအသင်းနည်းပြ ပြော
မြန်မာအသင်းအနေနဲ့ အိန္ဒိယနဲ့ပွဲမှာ ဂိုးသွင်းခွင့်အများအပြား ရခဲ့ပေမယ့် အသုံးချနိုင်ခြင်း မရှိတဲ့အတွက် ရှုံးနိမ့်ခဲ့တာဖြစ်တယ်လို့ မြန်မာနည်းပြ ဂတ်ဇီဆီက ပြောပါတယ်။
မြန်မာအသင်းဟာ ပွဲပြီးခါနီးမှာ ပေးလိုက်ရတဲ့ဂိုးနဲ့ အိန္ဒိယအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းအသာစီးရခဲ့သလို ဂိုးရနိုင်မယ့်အခွင့်အရေး ၁၅ ကြိမ်လောက် ရခဲ့တာပါ။
တိုက်စစ်မှူး ကျော်ကိုကိုဟာ ကြိုးစားမှုကောင်းပေမယ့် နည်းစနစ်ပိုင်းမှာ အကန့်အသတ်ရှိတယ်လို့လည်း မြန်မာနည်းပြက ပြောပါတယ်။
“ဒီကနေ့ပွဲမှာ တိုက်စစ်က အောင်သူရော ကျော်ကိုကိုရော အကောင်းဆုံး မကစားနိုင်ခဲ့ဘူး။ ကျော်ကိုကိုဆိုရင်လည်း ကြိုးစားမှုကောင်းတယ်၊ ဒါပေမယ့် နည်းစနစ်ပိုင်းအရတော့ ကန့်သတ်ချက်တချို့ ရှိတယ်။ ဆူဇူကီးတုန်းက ချန်လှပ်ခဲ့တယ် ဆိုတာကလည်း စည်းကမ်းပိုင်းတင်မဟုတ်ဘဲ နည်းစနစ်အရ ချန်ခဲ့တာပါ။ ဒီပွဲမှာ ကျော်ကိုကိုကို အထောင်တိုက်စစ်မှူးအဖြစ် ထားကစားတယ်။ ကြီးကြီးမားမား အမှားမရှိပေမယ့် အဓိကကတော့ ဂိုးမသွင်းနိုင်တာပါပဲ။ တိုက်စစ်က ဂိုးတွေရဖို့လည်း အမြဲလေ့ကျင့်ပေးပါတယ်။ ဂိုးရနိုင်တဲ့ အကြံဉာဏ်တွေရှိရင်လည်း ပေးကြပါ။ နောက်ပွဲတွေမှာလည်း ဂိုးရဖို့ သေချာ ပြင်ဆင်သွားရမှာပါ။”
အိန္ဒိယအသင်းနည်းပြ ကွန်စတန်တီနီကတော့ လူစားလဲမှု မှန်ခဲ့တာကြောင့် နိုင်ပွဲရခဲ့တာဖြစ်ပြီး ခြေစွမ်းကောင်းတဲ့အသင်း ရှုံးနိမ့်သွားတာမျိုးက ဘောလုံးမှာ ဖြစ်တတ်တဲ့အရာလို့ ဆိုပါတယ်။
“ပွဲမတိုင်ခင်က မျှော်လင့်ထားတဲ့အတိုင်း ကျနော်တို့အတွက် ခက်ခဲတဲ့ပွဲစဉ်ပါ။ မြန်မာအသင်းရဲ့ ခြေစွမ်းနဲ့ ကစားပုံကိုတော့ ချီးကျူးပါတယ်။ ခြေစွမ်းကောင်းတဲ့အသင်းက ရှုံးသွားတာမျိုးက ဘောလုံးမှာ ဖြစ်တတ်ပါတယ်။ ကျနော်တို့ရသွားတဲ့ဂိုးကလည်း နောက်ဆုံးမိနစ်မှာ ရတာဖြစ်လို့ မြန်မာအသင်းအနေနဲ့ ဂိုးပြန်သွင်းဖို့ အချိန်တော်တော်လေး နည်းသွားတယ်။ နောက်ပြီး ကျနော်တို့ဘက်က လူစားလဲမှုတွေပြုလုပ်ပြီး နည်းစနစ်ပိုင်း အပြောင်းအလဲလုပ်ခဲ့တာ အကောင်းဆုံးဖြစ်ခဲ့လို့ အနိုင်ရခဲ့တာပါ။”
မြန်မာအသင်းပါဝင်တဲ့ အုပ်စု က ရဲ့ တခြားပွဲစဉ်မှာတော့ ကာဂျစ္စတန်က မကာအိုကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
ပွဲစဉ် ၁ ကစားအပြီးမှာ ကာဂျစ္စတန်နဲ့ အိန္ဒိယအသင်းတို့က နိုင်ပွဲကိုယ်စီနဲ့ ဦးဆောင်နေပြီး မကာအိုနဲ့ မြန်မာအသင်းတို့က အုပ်စုအောက်ဆုံးမှာ ရပ်နေပါတယ်။
အိမ်ကွင်း အဝေးကွင်း နှစ်ကျော့ကစားအပြီးမှာ အုပ်စုပထမနဲ့ ဒုတိယနှစ်သင်းဟာ ယူအေအီးမှာကျင်းပမယ့် ၂၀၁၉ အာရှဖလား ပွဲစဉ်တွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
No comments: