လျှင်မြန်သည့် တောင်ဆိတ်နှင့် သုတ်ချီရန်ကြိုးစားသည့် သိမ်းငှက်တို့၏ အသက်လုတိုက်ပွဲ
သိမ်းငှက်တွေဟာ သားကောင်ကို မျက်စိလျင်လျင်နဲ့ ထိုးသုတ်ကိုက်ချီတဲ့နေရာမှာ နာမည်ကြီးပါတယ်။
စူးရှတဲ့မျက်လုံးနဲ့ လျင်မြန်ဖျတ်လတ်မှုဟာ သိမ်းငှက်တွေရဲ့ အားသာမှုတခုပါပဲ။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လျင်မြန်လှတဲ့ တောင်ဆိတ်တွေနဲ့ သိမ်းငှက်ရဲ့ အားပြိုင်မှုကို တွေ့မြင်ကြရမှာပါ။
ချောက်ကမ်းပါးအစွန်းတခုဆီမှာ တောင်ဆိတ်တွေ အုပ်စုဖွဲ့ ရှိနေကြချိန် သိမ်းငှက်က အပေါ်စီးကနေ ပျံသန်းပြီး ထိုးသုတ်ချီဖို့ အရှိန်ပြင်းပြင်းနဲ့ မြေပြင်ဆီ ထိုးဆင်းလာခဲ့တာကို ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။
သိမ်းငှက်ဟာ ရုတ်တရက်ပဲ တောင်ဆိတ်အုပ်စုထဲက တကောင်ကို ထိုးသုတ် ကိုက်ချီလိုက်တာပါ။
သူဟာ ဆိတ်ရဲ့ လည်ဂုတ်ကနေ ကိုက်ချီဆွဲမဖို့ ကြိုးစားပေမယ့် ဆိတ်က ရုန်းကန်နေခဲ့တဲ့အတွက် ဟန်ချက်ညီအောင် မကိုက်ချီနိုင်ခဲ့ဘဲ ဖြစ်နေခဲ့တာပါ။
ဆိတ်ဟာ တောင်စောင်းအတိုင်း ပြေးဆင်းခဲ့ချိန်မှာ သိမ်းငှက်ဟာ ကိုက်ချီလျက်သား အနေအထားနဲ့ တရွတ်တိုက်ပါသွားခဲ့တာကို တွေ့ရပါတယ်။
နောက်ထပ် တောင်ဆိတ်တကောင်ဟာ သူ့အဖော်ကို အကူအညီပေးဖို့ တောင်စောင်းအတိုင်း နောက်က ပြေးလိုက်ခဲ့တာပါ။
တနေရာမှာတော့ တောင်ဆိတ်ဟာ ပြေးရင်း ခန္ဓာကိုယ်ကို လှိမ့်ချလိုက်ချိန်မှာ သိမ်းငှက်ရော သူပါ တလိမ့်ခေါက်ကွေး အခြေအနေနဲ့ လိမ့်ဆင်းသွားခဲ့တာကို တွေ့ရပါတယ်။
ဒါပေမယ့် သိမ်းငှက်ဟာ ဇွဲမလျှော့ဘဲ ကိုက်ချီထားဆဲ ဖြစ်နေတာကို တွေ့ရမှာပါ။
တောင်ဆိတ်ဟာ ပြန်ထလာကာ ကျောက်တုံးကျောက်ခဲပေါများတဲ့ နေရာဆီ ပြေးသွားခဲ့ပြီး သိမ်းငှက်ကို ခါချဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။
နောက်ဆုံးမှာတော့ အဲဒီ ကျောက်တုံးကျောက်ခဲတွေအနားမှာ ဇွဲနပဲကြီးလှတဲ့ သိမ်းငှက်ကို ခါချကာ ကျောက်တုံးတွေနဲ့ ပွတ်တိုက်ဆွဲယူပြီး ဆိတ်တွေဟာ လွတ်မြောက်သွားခဲ့ကြပါတယ်။
No comments: