Header Ads

Breaking News
recent

ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားအနီး အလုပ်သမားစခန်းပေါ် လက်နက်ကြီးကျ၊ သုံးဦး ဒဏ်ရာရ



ရှမ်းပြည်နယ် ကွတ်ခိုင့်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒီနေ့မနက် ၄ နာရီခွဲလောက်က နမ့်ခိုင်တံတားနဲ့ မလှမ်းမကမ်းက အလုပ်သမားစခန်းပေါ် လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် လမ်းလုပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အိုရီရမ်တယ်ဟိုက်ဝေးကုမ္ပဏီမှ လုပ်သားတွေဖြစ်ပြီး မူဆယ်- မန္တလေးပြည်ထောင်လမ်းမဘေး မိုင်တိုင်အမှတ်၂၄၀/၃ နမ့်ခိုင်တံတားညာဘက်ခြမ်းအနီး ယာယီတဲအတွင်း အိပ်စက်နေစဉ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီ လက်နက်ကြီးကျရောက်တဲ့ အလုပ်သမားစခန်းမှာ အဆောက်အအုံ လေးလုံးရှိပြီး လုပ်သား ၂၀ လောက် နေထိုင်ကြပါတယ်။ ဒဏ်ရာရရှိသူ ၃ ဦးကို လားရှိုးဆေးရုံပို့ခဲ့တယ်လို့ လမ်းဖောက်လုပ်ရေး ဝန်ထမ်းတဦးက ဆိုပါတယ်။
“မနက်ပိုင်းမှာ ဖြစ်သွားတယ်။ ဖြစ်တော့ လုပ်သားတဦးက သူ့အဖေကို ဖုန်းဆက်တယ်။ အဲဒီမှာ ကျနော်တို့သိပြီး လိုက်လာခဲ့တာ။ ဒဏ်ရာတွေက မစိုးရိမ်ရတဲ့ အနေအထားလို့ ဆရာဝန်က ပြောတယ်” လို့ လမ်းပိုင်း တာဝန်ရှိသူက ဆိုပါတယ်။
ထိခိုက်မိတဲ့ လုပ်သားသုံးဦးကတော့ ချစ်ဝေအောင်၊ သန်းကျော်လွင်နဲ့ တာတာနိုင်ဆိုတဲ့ လူငယ်သုံးဦး ဖြစ်ပြီး ဦးခေါင်း၊ ခြေထောက်၊ လက်၊ ဝမ်းဗိုက်နဲ့ ခါးတွေမှာ ဒဏ်ရာ အသီးသီး ရခဲ့ပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရသူ သုံးဦးကို လားရှိုးဆေးရုံမှာ ကုသပေးနေပြီး တဦးကိုတော့ တပ်မတော် စစ်ဆေးရုံကို ရွေ့ပြောင်းကုသပေးမယ်လို့လည်း သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ ဘယ်အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။

No comments:

Powered by Blogger.